လီဗာပူးကိုအနိုင်ရခဲ့ပေမဲ့ ပီအက်စ်ဂျီရဲ့ခြေစွမ်းအပေါ် ပီတစ်သဘောမကျ
ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံဟောင်းပီတစ်က မနေ့ညပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးကိုအနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီရဲ့ခြေစွမ်းအပေါ် အားရကျေနပ်မှု မရှိခဲ့ပါဘူး။
ဒီပွဲမှာ ဒမ်ဘီလီက နှစ်ဂိုးသွင်းယူပေးခဲ့လို့ ပီအက်စ်ဂျီတို့ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် ဆီမီးဖိုင်နယ်ဆီ တက်ရောက်သွားနိုင်ပါတယ်။
ပွဲစဉ်အပြီး ပီတစ်က RMC ရုပ်သံလိုင်းမှတဆင့် "ဒီနေ့ည ပီအက်စ်ဂျီရဲ့ ကစားပုံကို ကျွန်တော် သဘောမကျပါဘူး။ တချို့အချိန်တွေမှာဆိုရင် ပါရီအသင်းရဲ့ ကစားပုံက စိုးရိမ်စရာတောင် ကောင်းနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဂိုးသမား ဆာဖိုနော့ဗ်နဲ့ မာကွင်ဟို့စ်တို့ကြောင့်သာ ဦးဆောင်ဂိုးကို ထိန်းထားနိုင်ခဲ့တာပါ။ ထူးဆန်းတာက ဂိုးတွေမရှိတာကလွဲရင် ဒီပွဲစဉ်က အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်ကို သွားသတိရစေပါတယ်။ ဒုတိယပိုင်းပွဲချိန်ရဲ့ ၂၅ မိနစ်လောက် ကစားသမားအားလုံး ပျောက်နေခဲ့ကြပါတယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် "သူတို့ရရှိခဲ့တဲ့ တစ်ကြိမ်တည်းသောတန်ပြန်တိုက်စစ်မှတဆင့် ဒမ်ဘီလီက အန်ဖီးလ်ကွင်းကြီးကို တိတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့တာပါ" လို့လည်း ပီတစ်က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။