The network connection is lost.

Banner Image

ပြီးခဲ့တဲ့ရာသီနဲ့ယှဉ်ရင် လီဗာပူးရဲ့ခြေစွမ်း ကျဆင်းသွားတယ်လို့ ကိုနာတေးဝန်ခံ

လီဗာပူးနောက်ခံလူကိုနာတေးက ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်ရတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ  ၄-၀ ဂိုးဆိုတဲ့ နှစ်ကျော့ပေါင်းရလဒ်ကို ကွင်းတွင်းအခြေအနေတွေနဲ့နှိုင်းယှဉ်လိုက်ပါက မမျှတတဲ့ ရလဒ်ဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီက ဒမ်ဘီလီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဒုတိယအကျော့အန်ဖီးလ်မှာ အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ၄-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။

ဒီနှစ်ကျော့ပေါင်းရလဒ်နဲ့ပတ်သက်လို့ မျှတမှုရှိရဲ့လားလို့ မေးမြန်းရာမှာ ကိုနာတေးက "ပွင့်ပွင့်လင်းလင်းပြောရရင် ဟုတ်တယ်လို့လည်း ပြောလို့ရသလို၊ မဟုတ်ဘူးလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ကွင်းမှာ သွားကစားတုန်းက သူတို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ နှစ်ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အန်ဖီးလ်မှာဆိုရင်တော့ ကျွန်တော်တို့ တစ်ခုခု ထူးထူးခြားခြားလုပ်နိုင်မယ်ဆိုတာ သိထားပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့သလို ကွင်းတွင်းခြေစွမ်းအရလည်း ကျွန်တော်တို့က ပိုသာခဲ့တယ်လို့ ထင်ပါတယ်" လို့ ပွဲအပြီးမှာ ဖြေကြားခဲ့ပါတယ်။

"အဲဒါကြောင့်ပဲ ရလဒ်က နည်းနည်းတော့ မမျှတဘူးလို့ ခံစားရတာပါ။ ပြီးခဲ့တဲ့ ရာသီ၊ အိမ်ကွင်းမှာ ကစားခဲ့သလိုပါပဲ၊ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကရတဲ့အပိုင်အခွင့်အရေး တစ်ခုနှစ်ခုလောက်ကိုပဲ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တယ်။ ဒါ ဘောလုံးပါပဲ၊ တကယ်ကို ဝမ်းနည်းစရာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

လီဗာပူးအသင်းဟာ မနှစ်ကထက် ခြေစွမ်းလျော့ကျသွားသလားလို့ မေးမြန်းရာမှာတော့ ကိုနာတေးက အခုလို ရိုးရိုးသားသား တုံ့ပြန်ခဲ့ပါတယ်။

"နည်းနည်းတော့ လျော့သွားတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ကျွန်တော်တို့ ဘာတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာကို မေ့ထားလို့ မရပါဘူး။ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့သလို ကစားသမားသစ်တွေ ခေါ်ယူထားတာမျိုးတွေလည်း ရှိပါတယ်"

"ဒါပေမဲ့ ဒီနေ့ပွဲမှတဆင့် သင်ခန်းစာယူစရာတွေ အများကြီးရခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ မနှစ်ကထက်စာရင် ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ သူတို့လို အသင်းမျိုးနဲ့ယှဉ်ပြိုင်ကစားချိန် အခုလို ခြေစွမ်းမျို်ပြသနိုင်ခဲ့တယ်ဆိုတာ ရှုံးနိမ့်ခဲ့လို့ မပျော်ရွှင်နိုင်ပေမဲ့၊ ဒီအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ဘယ်လောက်အထိကောင်းအောင် လုပ်နိုင်မလဲဆိုတာကို နားလည်သဘောပေါက်ဖို့ ကြိုးစားသွားရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။