The network connection is lost.

Banner Image

လီဗာပူးကို အနိုင်ရရှိခဲ့ပြီးနောက် စိတ်သက်သာရာရရှိသွားတဲ့ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်

အင်္ဂါညပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပေမဲ့ ပြိုင်ဘက်လီဗာပူးရဲ့ကစားပုံနဲ့ပတ်သက်လို့ အန်ဖီးလ်သားတွေ ဂုဏ်ယူသင့်တယ်လို့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

အန်ဖီးလ်ကွင်းမှာ ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့လို့ ပီအက်စ်ဂျီအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ရရှိသွားပါတယ်။

ဒါပေမဲ့ ပွဲစဉ်အပြီး လူးဝစ်အင်းနရစ်က "ဒါ တကယ့်ကိုကောင်းမွန်တဲ့ ဘောလုံးကစားဟန်ရှိတဲ့ အသင်းနှစ်ခုအကြား အားကောင်းမောင်းသန်အကြိတ်အနယ်ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ အန်ဖီးလ်မှာ ကစားရတာ ဂုဏ်ယူစရာဖြစ်ပြီး ပထမပိုင်းမှာတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတချို့လည်း ဖန်တီးနိုင်ခဲ့တာကြောင့် ပွဲက ကျွန်တော်တို့ဘက်မှာ ပိုရှိနေခဲ့ပါတယ်"

"ဒုတိယပိုင်းမှာတော့ အခြေအနေက ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ အများကြီးရုန်းကန်ခဲ့ရတယ်၊ သူတို့က အတင်းလိုက်ဖိကစားလာသလို စွန့်စားမှုတွေလည်း အများကြီးလုပ်ခဲ့ကြပါတယ်"

"ဒါ ခက်ခဲပေမဲ့ သူတို့ရဲ့ဖိအားပေးမှုတွေကို ကျွန်တော်တို့ နှစ်ကြိမ်ကျော်ဖြတ်ပြီး နှစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေကို အနိုင်ရချင်ရင် အပြည့်အဝ အာရုံစိုက်ပြီး ခုခံကာကွယ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘောလုံးရထားချိန်မှာ ကစားဖို့ အသင့်ရှိနေသလို ဘောလုံးမရှိတဲ့အချိန်မှာလည်း ဘယ်လိုကစားရမလဲဆိုတာ လူတိုင်းကို သက်သေပြနိုင်ခဲ့ပါတယ်"

"ပြီးခဲ့တဲ့ရာသီ၊ ကျွန်တော်တို့အသင်းက လူငယ်တွေများပြီး အတွေ့အကြုံနုနယ်လွန်းတာကြောင့် ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲနိုင်ဘူးလို့ လူတိုင်းက တွေးခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့က ချန်ပီယံတွေဆိုတာ လူတိုင်းသိသွားပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ ထပ်ပြီး တိုးတက်ဖို့ လိုပါသေးတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ"

စပိန်လူမျိုးနည်းပြက "ကျွန်တော်တို့ တန်ပြန်တိုက်စစ်တွေ ရလာမယ်ဆိုတာ ကြိုသိထားပြီးသားပါ။ နှစ်ကျော့စလုံးကို ခြုံကြည့်ရင် ကျွန်တော်တို့ နောက်တစ်ဆင့်တက်ခွင့်ရဖို့ ထိုက်တန်ပါတယ်" လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။