ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပေမဲ့ အကောင်းမြင်နေတဲ့ လီဗာပူးနည်းပြအန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ပီအက်စ်ဂျီကိုရှုံးနိမ့်ကာ အင်္ဂါညပိုင်းချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာရမှုအပေါ် အကောင်းမြင်ရှုထောင့်နဲ့ပဲ ရှုမြင်နေပါတယ်။
ဒီပွဲစဉ်မှာ ပီအက်စ်ဂျီက ဒမ်ဘီလီရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က "ပြီးခဲ့တဲ့သီတင်းပတ်နဲ့ယှဉ်ရင် ကျွန်တော်တို့ အများကြီး တိုးတက်လာခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမားတွေ ဘယ်လောက်အထိ ကြိုးစားခဲ့ကြတယ်ဆိုတာကို ကျွန်တော် တကယ်ကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ရဲ့ပွဲအစီအမံကို အတိအကျအကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်"
"ပြိုင်ဘက်ကို အတင်းအကျပ်ဖိအားပေးကစားချိန် နောက်ကွယ်မှာ တွန်းအားပေးနေတဲ့ ပရိသတ်တွေရှိတယ်ဆိုတာ တကယ်ကို အထောက်အကူဖြစ်စေပါတယ်။ သူတို့ကလည်း အဲဒီအတိုင်း လုပ်ဆောင်ပေးခဲ့ကြပါတယ်။ စိတ်မကောင်းစရာကတော့ ရရှိခဲ့တဲ့ အခွင့်အရေးအများကြီးထဲမှ ဂိုးမသွင်းနိုင်ခဲ့တာပါပဲ။ ဒါဟာ ဒီရာသီမှာ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အခြေအနေတွေအနက် တစ်ခုဖြစ်ပါတယ်"
"ဂိုးရရှိနိုင်ခြေ(xG)နဲ့ ယှဉ်ရင် ကျွန်တော်တို့ရဲစွမ်းဆောင်ရည်က တကယ်ကို အားနည်းနေဆဲဖြစ်ပြီး ဒါက တစ်ရာသီလုံး ဖြစ်နေတဲ့အရာပါ။ အဲဒီအပြင် ဟူဂို အီကီတီကီလည်း ဒဏ်ရာအပြင်းအထန်ရသွားပုံ ပေါ်ပါတယ်၊ အခုထိတော့ အတိအကျ မသိရသေးပါဘူး။ နောက်ပြီး VAR ရဲ့ ဆုံးဖြတ်ချက်ကလည်း ကျွန်တော်တို့ဘက်မှာ မရှိခဲ့ပြန်ပါဘူး၊ ဒါကလည်း ဒီရာသီမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး"
"'အခုချိန်မှာသာ တစ်ဂိုးရလိုက်ရင် ဒါ ထူးခြားတဲ့ညတစ်ခု ဖြစ်လာတော့မှာပဲ' လို့ ခံစားခဲ့ရတဲ့ ဒုတိယပိုင်းအခိုက်အတန့်တွေရှိခဲ့လို့ တကယ်ကို စိတ်ပျက်မိပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့က ကွင်းထဲမှာ ဥရောပချန်ပီယံတွေကို ယှဉ်ကစားပြီး အသာစီးရအောင် ကစားနိုင်ခဲ့လို့ ဒီအသင်းနဲ့ ဒီကလပ်အတွက် အနာဂတ်က အရမ်းတောက်ပနေပါတယ်။ ပီအက်စ်ဂျီလိုအသင်းမျိုးအပေါ် အသာစီးရပြီး အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်တဲ့ အသင်းဆိုတာ သိပ်မရှိပါဘူး။ ဒါပေမဲ့ အခွင့်အရေးရတယ်ဆိုတာနဲ့ ဂိုးသွင်းနိုင်တယ်ဆိုတာကတော့ တခြားစီပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ခရစ္စမတ်မတိုင်ခင်က ခြေထောက်အရိုးကျိုးဒဏ်ရာရရှိခဲ့ပြီးနောက် အီဆက်ခ်ကို ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း ထိုက်တန်တဲ့စွန့်စားမှုတစ်ခု ဖြစ်တယ်လို့ အန်းစလော့က အခိုင်အမာပြောကြားခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက "ပွဲမတိုင်ခင်က ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အကယ်၍ ပွဲက အချိန်ပိုအထိ သွားခဲ့မယ်ဆိုရင် သူက ဒုတိယပိုင်းမှာ ၄၅ မိနစ် ကစားထားတဲ့အပြင် အချိန်ပို နာရီဝက်အတွက် နားချိန် ၂ မိနစ်ပဲ ရမှာဖြစ်လို့ ဒါက လက်တွေ့မကျပါဘူး။ ဒါကြောင့် သူ့ကို ၄၅ မိနစ်လောက် ကစားခိုင်းပြီး ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်လောက် ထပ်တိုးကစားဖို့ အခြေအနေကို ပထမပိုင်းအပြီးမှာ စောင့်ကြည့်သွားဖို့ပဲ စဉ်းစားထားတာပါ"
"ဒါပေမဲ့ ပထမပိုင်းမှာတင် လူစားလဲမှုတစ်ခု လုပ်ထားရတာကြောင့် ဒုတိယပိုင်းစပြီး ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်လောက်မှာ နောက်ထပ်လူစားလဲမှု မလုပ်ချင်တော့တာနဲ့ သူ့ကို ပထမပိုင်းအပြီးမှာပဲ လဲလိုက်တာပါ။ သူက ဂိုးရဖို့ နှစ်ကြိမ်လောက် နီးစပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့လိုအဆင့်ရှိတဲ့ တိုက်စစ်မှူးကို ထည့်သွင်းကစားရတာပါ။ တည်ကန်ဘောကနေ ခေါင်းတိုက်တာတစ်ကြိမ်နဲ့ ပါချိုရဲ့နောက်ကွယ်မှ ပြေးထွက်ပြီး ဂိုးသွင်းဖို့ နီးစပ်ခဲ့တာတစ်ကြိမ်ရှိခဲ့ပေမဲ့ နောက်ဆုံးမှာ လူကျွံနေခဲ့ပါတယ်။ သူ့ကို ပြန်မြင်ရတာ၊ ပြန်ရလာတာ ကောင်းပါတယ်"
"သူ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်၊ အကယ်၍ အဆင်သင့်မဖြစ်ဘူးလို့ ယူဆရင် ကျွန်တော် သူ့ကို ကစားခိုင်းမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်နဲ့ ဒီနေ့ပွဲကို ယှဉ်ကြည့်ရင် သူကစားဖို့ အပြည့်အဝ အဆင်သင့်ဖြစ်နေပြီလို့ ပြောရပပါလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ပထမပိုင်းမှာ အခုလိုမျိုးကစားနိုင်ဖို့မရှိသလို ဒုတိယပိုင်းမှာလည်း ပိုကောင်းလာစရာ မရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။