ချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်း ဆက်ရှိနေသင့်တယ်လို့ ဟန်စီဖလစ်ခ် ပြောကြား
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က မနေ့ညပိုင်း၊ အက်သလက်တီကိုမက်ဒရစ်အသင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရပေမဲ့ သူတို့အသင်းအတွက် ထိုက်တန်မှုမရှိတဲ့ရလဒ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
မက်ထရိုပိုလီတာနိုကွင်းပွဲစဉ်အတွင်း အဲရစ်ဂါစီယာ အနီကတ်ပြသခံခဲ့ရပေမဲ့ ဘာစီလိုနာက ၂ -၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ကျော့ပေါင်း ၃-၂ ဂိုးဆိုတဲ့ရလဒ်အရ ဟန်စီဖလစ်ခ်ရဲ့အသင်းက ကွာတားဖိုင်နယ်အဆင့်နဲ့တင် ကျေနပ်လိုက်ရပါတယ်။
ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က "ကျွန်တော်တို့ တကယ်ပဲ စိတ်ပျက်မိပါတယ်။ ၃-၀ ဂိုးဖြစ်အောင်လုပ်နိုင်မယ့် အခွင့်အရေးတွေ ရှိခဲ့ပေမဲ့ အဲဒီနောက်မှာ ဂိုးပေးလိုက်ရပါတယ်။ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်ရပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့ အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ကစားခဲ့တာပါ။ ကစားသမားတစ်ဦးလျော့နဲ့ကစားခဲ့ရပေမဲ့ အသင်းကစားသမားတွေကတော့ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ဒီနေ့ သူတို့ပြသခဲ့တဲ့စွမ်းဆောင်ရည်ကို ကျွန်တော် တကယ်လေးစားမိပါတယ်။ ကံလည်း မကောင်းခဲ့ပါဘူး။ ဒါကိုတော့ ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်" လို့ ဆိုပါတယ်။
"ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ဂိုးတွေ အများကြီးထပ်သွင်းနိုင်ခဲ့သင့်ပါတယ်။ အက်သလက်တီကိုဆီ ဂိုးပြန်ပေးရမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ အိမ်ကွင်းအဝေးကွင်းနှစ်ကျော့လုံးကို ခြုံကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ ထိုက်တန်ခဲ့ပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။
ရှေ့ဆက်ရမယ့်အစီအစဉ်တွေနဲံပတ်သက်ပြီး ဖလစ်ခ်က အခုအချိန်မှာ လာလီဂါပြိုင်ပွဲကိုသာ အာရုံစိုက်ရတော့မယ်လို့ ဆိုပါတယ်။
"နောက်ထပ်လုပ်ရမယ့်ကိစ္စက လာလီဂါမှာ ဗိုလ်စွဲဖို့ဖြစ်ပြီး ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ ဆက်ပြီး ကြိုးစားသွားရပါမယ်။ ဒီလို စိတ်ဓာတ်မျိုးကို ဆက်ထိန်းထားရပါမယ်။ အားလုံးလည်း စိတ်ပျက်နေကြမှာပါ" လို့ သူက ထပ်လောင်းပြောပါတယ်။
"ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာ အိပ်မက်တစ်ခုပါ။ အမှားတွေမှတဆင့် သင်ခန်းစာယူပြီး ပိုကောင်းအောင် ပြင်ဆင်သွားရပါမယ်။ ကျွန်တော်တို့က လူငယ်အသင်းတစ်ခုဖြစ်နေလို့ နောက်ရာသီမှာတော့ အခုထက် ပိုကောင်းလာပါလိမ့်မယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။