ဘာစီလိုနာမှာ အလုပ်ဒဏ်ပိနေတဲ့ လာမင်းယာမလ်အတွက် စိုးရိမ်မိတယ်လို့ပြောကြားလာတဲ့ ရုဒ်ဂူးလစ်
ဘာစီလိုနာအသင်းမှာ လာမင်းယာမလ်ရဲ့ အားထုတ်ကစားနေရတဲ့နှုန်းထားကြောင့် သူနဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်း ရုဒ်ဂူးလစ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ယာမလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်း လာလီဂါ၊ ကိုပါဒီရေးနဲ့ စပိန်စူပါဖလား စတဲ့ ပြည်တွင်းဖလားသုံးလုံး ရရှိအောင် ကူညီပေးရာမှာ အဓိကကျခဲ့သူဖြစ်ပြီး အခုရာသီမှာလည်း အရွှေဘောလုံးဆုကို ရယူနိုင်ဖို့အတွက် အရှိန်အဟုန်နဲ့ တိုးတက်နေသူ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ဒီလူငယ်ကစားသမားဟာ အခုရာသီအစောပိုင်းမှာ ပြင်းထန်တဲ့ ပေါင်ခြံဒဏ်ရာတွေ ခံစားခဲ့ရပေမဲ့ ပွဲတိုင်းမှာ ပါဝင်ကစားနိုင်ဖို့ ရည်မှန်းထားသလို ဘာစီလိုနာအတွက် ၄၄ ပွဲအထိ ကစားပေးထားပြီး ၂၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
AS သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ယာမလ်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ခိုင်းဖို့အတွက် အရမ်းအတင်းအကျပ် တွန်းအားပေးနေတာကြောင့် ဒီဆယ်ကျော်သက်လေးအတွက် စိုးရိမ်မိတယ်လို့ ဂူးလစ်က ဝန်ခံခဲ့ပါတယ်။
"ဒါက ပုံမှန်မဟုတ်ပါဘူး။ တစ်ခုတည်းသော အချက်ကတော့ အသင်းက သူ့အပေါ် အများကြီး မှီခိုနေရတာပါပဲ။ သူက အရမ်းငယ်သေးတဲ့ ကစားသမားပါ။ သူ့ကို အချိန်ပြည့် သုံးနေကြတဲ့အတွက် ဒဏ်ရာရသွားမှာကို ကျွန်တော် တကယ်ပဲ စိုးရိမ်မိပါတယ်" လို့ ၎င်းက ဆိုပါတယ်။
“သူတို့ကတော့ ‘ဟုတ်ပါတယ်၊ ဒါပေမဲ့ သူက ငယ်သေးတာပဲ’ လို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ပတ်ဒရီနဲ့ ဂါဗီတို့မှာ သင်ခန်းစာ မြင်ခဲ့ရပြီးပါပြီ။ သူတို့က ကမ္ဘာ့ဖလားမှာ ကစားရမယ်၊ အဲဒီလို လူငယ်တွေနဲ့ ကမ္ဘာ့ဖလားသွားကစားတဲ့အခါမှာ ဒဏ်ရာတွေ ရလာတတ်ပါတယ်။ ဒဏ်ရာကနေ ပြန်လာရတာက ခက်ခဲပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး ထပ်မဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူကစားပြတာကိုတော့ ကျွန်တော် သဘောကျပါတယ်” လို့ ဂူးလစ်က ဆက်ပြောပါတယ်။
ယာမလ်အနေနဲ့ အရွှေဘောလုံးဆုကို ဆွတ်ခူးချင်တယ်ဆိုရင် လာလီဂါဖလားအပြင် နွေရာသီမှာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုပါ ရယူဖို့ လိုအပ်နေပါတယ်။ ဒါဟာ လူငယ်ကစားသမားလေးအတွက် ဖြစ်နိုင်သမျှ ပွဲတိုင်းမှာ ပါဝင်ကစားရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အကန့်အသတ်အထိ အသုံးပြုနေရတာကြောင့် ဂူးလစ်ကို ပိုပြီး စိုးရိမ်ပူပန်စေခဲ့တာ ဖြစ်ပါတယ်။