The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ ဆက်ဆံပုံကို အောင့်အီးသည်းခံမနေဖို့ လီဝန်ဒေါစကီးကို တိုမာဇက်စကီး တိုက်တွန်း

ပိုလန်ဂိုးသမားဟောင်းကြီး ယန် တိုမာဇက်စကီးက ဘာစီလိုနာအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ ရောဘတ် လီဝန်ဒေါစကီးကို အကြံပြုပြောကြားလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် လီဝန်ဒေါစကီးဟာ အခုရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်ရာသီအတွက် အရင်ကထက် လုပ်ခလစာ သိသိသာသာ လျှော့ချထားတဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ခံရရှိထားတာ ဖြစ်ပါတယ်။

တိုမာဇက်စကီးက Super Express သတင်းဌာနကို အခုလို ပြောကြားခဲ့တာပါ။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက ကျွန်တော်တို့ တောင်းဆိုတိုက်တွန်းခဲ့ပြီးသားပါ။"

"ရောဘတ်၊ ယောက်ျားပီပီပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူး။ မင်းဟာ ပိုလန်သမိုင်းတစ်လျှောက်မှာ အကျော်ကြားဆုံး ပိုလန်နိုင်ငံသားတစ်ယောက်ပါ၊ အဲဒါကို ဘာစီလိုနာမှာ ဒီလိုမျိုး အဆက်ဆံခံနေမှာလား?"

"တကယ်လို့ ရောဘတ်သာ အခုချိန်မှာ အသင်းက ထွက်ခွာခဲ့မယ်ဆိုရင် ဘာစီလိုနာအနေနဲ့ သူတို့ဘာသာသူတို့ ကြိုက်တာလုပ်ပြီး စပိန်လာလီဂါဖလားကို ယူပါစေ။"

"ရောဘတ်အနေနဲ့ အမေရိကန် မေဂျာလိဂ် (MLS) မှာပဲသွားကစားကစား၊ ဒါမှမဟုတ် ဥရောပက တခြားအသင်းတစ်သင်းမှာပဲ ကစားကစား သူနဲ့ ထိုက်တန်တဲ့ လေးစားသမှုနဲ့ ဆက်ဆံမှုမျိုးကို ရရှိလိမ့်မယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။" လို့ ၎င်းက ဆိုပါတယ်။