မားကပ်စ် ရပ်ရှ်ဖို့ဒ်အတွက် ယူနိုက်တက်ထံ ဘာစီလိုနာက ကမ်းလှမ်းမှုအသစ် ပြုလုပ်
ဘာစီလိုနာအသင်းဟာ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ကမ်းလှမ်းမှုအသစ်တစ်ခု ထပ်မံပြုလုပ်လိုက်ပါတယ်။
လက်ရှိမှာ ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေတာဖြစ်ပြီး အဆိုပါစာချုပ်ထဲမှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူနိုင်ခွင့်လည်း ပါဝင်နေတာပါ။
ဘာစီလိုနာဘက်ကတော့ အဲဒီပြောင်းရွှေ့ကြေးကို အခုထက်ပိုပြီး လျှော့ချပေးဖို့ ညှိနှိုင်းခဲ့ပေမဲ့ ယူနိုက်တက်အသင်းကတော့ အခုထက်ထိ အလျှော့ပေးဖို့ ငြင်းဆန်ထားပါတယ်။
အခြေအနေတွေက ဒီလိုဖြစ်နေတာကြောင့် ဘာစီလိုနာဟာ ရပ်ရှ်ဖို့ဒ်ရဲ့ အငှားသက်တမ်းကို နောက်ထပ်တစ်ရာသီ ထပ်တိုးဖို့ဆိုတဲ့ ကမ်းလှမ်းမှုအသစ်နဲ့အတူ ဆွေးနွေးပွဲဆီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
Daily Express သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာရဲ့ အဲဒီကမ်းလှမ်းမှုကို လက်ရှိမှာ စဉ်းစားနေပြီလို့ သိရပါတယ်။
ဘာစီလိုနာအတွက် အားသာချက်တစ်ခုကတော့ ရပ်ရှ်ဖို့ဒ်ရဲ့ လစာငွေကို သူတို့ဘက်က အပြည့်အဝ တာဝန်ယူပေးချင်နေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာသီမှာလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ လစာ ၁၀၀ ရာခိုင်နှုန်းလုံးကို ပေးချေပေးထားတာ ဖြစ်ပါတယ်။