The network connection is lost.

Banner Image

ကာရစ်ကိုဝေဖန်သူတွေအား ဖာဒီနန်ပြင်းပြင်းထန်ထန် တုံ့ပြန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က လက်ရှိအချိန်မှာ အသင်းကို အကောင်းဆုံးပုံစံနဲ့ဦးဆောင်နေတဲ့ ယာယီနည်းပြမိုက်ကယ်ကာရစ်အပေါ် ဝေဖန်နေသူတွေအား ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

ရူဘင်အာမိုရင်ထုတ်ပယ်ခံလိုက်ရပြီးနောက် ယူနိုက်တက်ဟာ ကာရစ်ကို ယခုနှစ်ရာသီကုန်အထိ အသင်းမှာ နည်းပြအဖြစ်ဆောင်ရွက်ဖို့ တာဝန်ပေးထားတာဖြစ်ပြီး ပထမဆုံးကိုင်တွယ်တဲ့ ၂ ပွဲမှာတင် မန်စီးတီးနဲ့ အာဆင်နယ်တို့ကို အနိုင်ရခဲ့တာကြောင့် တစ်ဖက်မှာချီးကျူးမှုတွေရှိနေသလို၊ တစ်ဖက်မှာလည်း ရာသီကုန်ပါက နည်းပြအဖြစ် ဆက်မခန့်အပ်သင့်ကြောင်း အကြံပေးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ 

အထူးသဖြင့် ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတွေဟာ ကာရစ်ကို နည်းပြအဖြစ် ဆက်မခန့်အပ်သင့်ကြောင်း အခိုင်အမာပြောကြားနေကြပြီး အသင်းရဲ့ ကပ္ပတိန်ဟောင်း ရွိုင်ကိန်းကဆိုလျှင် " မန်ချက်စတာယူနိုက်တက် ရာသီကုန်အထိ ပွဲတိုင်းနိုင်ခဲ့ရင်တောင် ကျွန်တော် ကာရစ်ကို နည်းပြရာထူးမှာဆက်ထားမှာမဟုတ်ပါဘူး။ ကာရစ်က ယူနိုက်တက်အတွက် ချန်ပီယံဆုတွေရအောင်လုပ်ပေးနိုင်တဲ့နည်းပြမျိုးမဟုတ်ပါဘူး" လို့ပြောကြားထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ယခုအခါမှာ ဖာဒီနန်က ရွိုင်ကိန်းရဲ့မှတ်ချက်တွေကို ပြန်လည်တုံ့ပြန်လာခဲ့ပြီး အခုလို ပြီးပြည့်စုံတဲ့ အစပြုမှုကိုပုံဖော်ထားတဲ့ ကာရစ်ကို ဘာကြောင့် ဝေဖန်နေကြသလဲဆိုတာ မေးခွန်းထုတ်လာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ကာရစ်က သူ့ရဲ့ပထမဆုံး ၂ ပွဲမှာတင် ရမှတ် ၆ မှတ်အပြည့်ယူဆောင်ပေးခဲ့သူပါ။ ဒါကို လူတွေက မိုက်ကယ်ကာရစ် ဘာပဲလုပ်ပြလုပ်ပြ ယူနိုက်တက်ရဲ့နည်းပြရာထူးနဲ့ မထိုက်တန်ဘူးလို့ ပြောနေကြတုန်းပါပဲ"

"ဒီလိုလူတွေက ဘယ်ကနေ ဘယ်လိုရောက်လာကြတာလဲ။ ဒါက တကယ်ကိုမလေးစားရာကျပါတယ်။ လူတစ်ယောက် ဘာပဲလုပ်ပြလုပ်ပြ ယူနိုက်တက်ရဲ့နည်းပြရာထူးနဲ့မထိုက်တန်ဘူးလို့ပြောဖို့အတွက် သူတို့မှာ ဘာအကြောင်းပြချက်ရှိလို့လဲ။ ဒါတွေက တကယ့်ကို ရူးကြောင်ကြောင်နိုင်တဲ့စကားတွေပါ" လို့ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ကာရစ်လက်ထက်မှာ ယူနိုက်တက်ဟာ ယခုနှစ်ရာသီကုန်အထိ ပရီးမီးယားလိဂ် ၁၅ ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ယူနိုက်တက်အနေနဲ့ ကာရစ်ကိုအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ရှိမရှိ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ အသင်းဘုတ်အဖွဲ့အနေနဲ့ ကာရစ်လက်ထက်မှာ ယူနိုက်တက်ဘယ်လောက်အထိ တိုးတက်လာသလဲစောင့်ကြည့်သွားမှာဖြစ်ပြီး ကွင်းလယ်လူဟောင်းရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။