လီဗာပူးကစားသမားဘ၀နဲ့ပတ်သက်လို့ ယာဂန်ကလော့ပ်ရဲ့အကြံပေးစကားတွေကို ဖွင့်ဟပြောပြလာတဲ့ ဖလော်ရီယန်ဝစ်ဇ်
ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးမှာ ဖြတ်သန်းရတဲ့ ဘဝနဲ့ ပတ်သက်လို့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြယာဂန်ကလော့ပ်ဆီမှ ရရှိခဲ့တဲ့ အကြံဉာဏ်တွေအကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်၊ နွေရာသီမှာ ငယ်ဘ၀ကလပ်အသင်း လေဗာကူဆင်မှ လီဗာပူးဆီ ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းဖြင့် ရောက်ရှိလာပါတယ်။
ဖလော်ရီယန်ဝစ်ဇ်အတွက် ကနဦး ၁၈ လတာအချိန်ကာလမှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ အခုတော့ နည်းပြအီရာအိုလာလက်အောက် အန်ဖီးလ်ရဲ့အခြေအနေတွေကို ကစားသမားကိုယ်တိုင် နားလည်လာပုံ ရပါတယ်။
ဂျာမန်ကြယ်ပွင့်က အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၁၆ ပွဲကစား၊ သုံးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ထားပြီး လတ်တလောနိုင်ငံတကာသီတင်းပတ်အတွင်း ကစားသွားတဲ့ ဆာဘီးယား၊ နယ်သာလန်တို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေမှာလည်း နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဘရုဂျက်နဲ့ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဖလော်ရီယန်ဝစ်ဇ်က ကလပ်အသင်းမှာ ဖြတ်သန်းနေရတဲ့ ဘ၀အကြောင်းကို ကလော့ပ်နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဝစ်ဇ်က "ဒီအသင်းမှာ သူဖြတ်သန်းခဲ့တဲ့အချိန်တွေကို ကလော့ပ်ကိုယ်တိုင် အရမ်းသဘောကျခဲ့ပါတယ်။ ဒီမှာရှိနေသူတွေက သူ့ကို ချစ်ကြတယ်ဆိုတာကို သူက ကျွန်တော့်ဆီ အမြဲပြောပြသလို သူကိုယ်တိုင် ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာကို ပြသခဲ့လို့ ဒီမှာ အောင်မြင်မှုရဖို့အတွက် ကျွန်တော့်ကို အကြံဉာဏ်တချို့ ပေးပါတယ်။ သူက ဒီကလပ်အသင်းအကြောင်းကို အများကြီး သိထားတယ်ဆိုတာ တကယ်ကို ကောင်းပါတယ်" လို့ ပြောပါတယ်။
"သူက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တချို့ ပေးနိုင်ပါတယ်။ အဲဒါတွေက အသေးစိတ်ကိစ္စရပ်လေးတွေနဲ့ ပိုပြီး ပုဂ္ဂိုလ်ရေးဆန်တဲ့ အရာတွေပဲ ဖြစ်ပါတယ်"
"ဒါပေမဲ့ သူက ကလပ်အသင်းအကြောင်း၊ ဒီဒေသအကြောင်းနဲ့ လူတွေအကြောင်း ကောင်းကောင်းမွန်မွန် ပြောဆိုလေ့ရှိပြီး ဒါကို ကာလရှည်ဖြတ်သန်းခဲ့ဖူးသူတစ်ဦးဆီမှ ကြားသိရလို့ အထောက်အကူဖြစ်ပါတယ်။ ဒါက ဆွေးနွေးပြောဆိုဖို့အတွက် အရမ်းကောင်းတဲ့ ခေါင်းစဉ်တစ်ခုပါပဲ" လို့ ဆိုပါတယ်။