လိဒ်ကို ရှုံးနိမ့်ပြီးနောက် ခံစစ်ပိုင်းအကျပ်အတည်းနဲ့ပတ်သက်လို့ ချဲလ်ဆီးကို ကာရေဂါ သတိပေး
လာမယ့်ဇန်နဝါရီလအတွင်း ချဲလ်ဆီးအသင်းရဲ့ဗဟိုခံစစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းသွားရလိမ့်မယ်လို့ ကာရေဂါ ယုံကြည်နေပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်မှာ လိဒ်ယူနိုက်တက်ကို ၁-၄ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးဂန္ထဝင်ဟောင်းက ကိုဝဲလ်နဲ့ ဝက်စ်လေဖိုဖာနာတို့ ပေါင်းစပ်ထားတဲ့ ဗဟိုခံစစ်အတွဲကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်နောက်ခံလူဟောင်းက ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၁ ပွဲကစားပြီးချိန် ဂိုး ၂၀ အထိ ခွင့်ပြုပေးထားရတဲ့ ချဲလ်ဆီးရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ ကာရေဂါက "ချဲလ်ဆီးဆီမှာ ဗဟိုနောက်ခံလူနေရာအတွက် ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေပြီး ဇန်နဝါရီမှာ ဒီအားနည်းချက်ကို မပြုပြင်နိုင်ဘူးဆိုရင် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက် ပြည့်မြောက်ဖို့ ပြဿနာ ကြီးကြီးမားမား ရှိလာနိုင်ပါတယ်" လို့ ပြောပါတယ်။
"ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ဘရော့ဘီကို ကိုဝဲလ် ပြစ်ဒဏ်ကျူးလွန်းလို့ ပင်နယ်တီပေးလိုက်ရပြီးနောက် ပထမပိုင်းအပြီးမှာတင် နည်းပြက သူ့ကို လူစားလဲလှယ်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဖိုဖာနာရဲ့စွမ်းဆောင်ရည်ပိုင်းက အထူးသဖြင့် ပထမပိုင်းမှာဆိုရင် ဒီရာသီ၊ ဗဟိုနောက်ခံလူတစ်ဦးရဲ့အဆိုးရွားဆုံးခြေစွမ်းလို့တောင် ပြောလို့ရနိုင်ပါတယ်"
"အတွဲအစပ်တစ်ခုအဖြစ် ကြည့်မယ်ဆိုရင်လည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကြံ့ခိုင်မှုပိုင်း မလုံလောက်သလို စစ်မှန်တဲ့ ခေါင်းဆောင်မှုမျိုးလည်း ဒီနေရာမှာ မရှိနေပြန်ပါဘူး" လို့ ဆိုပါတယ်။