ဘောလုံးလောကမှ တရားဝင်အနားယူပြီလို့ ကြေညာလိုက်တဲ့ ဂျိမ်းစ်မီလ်နာ
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားနိုင်တဲ့ စံချိန်ရှင် ဂျိမ်းစ်မီလ်နာက အသက် ၄၀ နှစ်အရွယ်မှာပဲ ဘောလုံးလောကမှ အနားယူသွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။
စွယ်စုံရကွင်းလယ်ကစားသမားက လိဒ်ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးနဲ့ ဘရိုက်တန် စတဲ့ အင်္ဂလန်ရဲ့ နာမည်ကြီးထိပ်တန်းကလပ်တွေမှာ ကစားသမားဘ၀ကို အောင်အောင်မြင်မြင် ဖြတ်သန်းခဲ့ပါတယ်။
သူ့ရဲ့ကစားသမားဘ၀သက်တမ်းတလျှောက် ပရီးမီးယားလိဂ်ဖလားသုံးကြိမ်၊ အက်ဖ်အေဖလားနှစ်ကြိမ်၊ ကာရာဘောင်ဖလားနှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာအဆင့်မှာလည်း မီလ်နာက အင်္ဂလန် ယူ-၂၁ အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားပြီး ပွဲအများဆုံးကစားထားတဲ့ စံချိန်ရှင်ဖြစ်သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၆၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။
လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်လာတဲ့ မီလ်နာရဲ့ကြေညာချက်မှာ "ပရီးမီးယားလိဂ်မှာ ၂၄ ရာသီကြာ ဖြတ်သန်းပြီးနောက် အခုအချိန်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ အသင့်တော်ဆုံးပဲလို့ ယုံကြည်မိပါတယ်" လို့ ဖော်ပြထားပါတယ်။
အသက် ၄၀ အရွယ်ဝါရင့်ကွင်းလယ်လူက သူကစားခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ပြန်ပြောင်းပြောပြခဲ့ပြီးနောက် ပရိသတ်တွေကို အခုလို ကျေးဇူးတင်စကား ဆိုထားပါတယ်။ "ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ခြေလှမ်းတိုင်းမှာ ကျွန်တော့်ကို အစဉ်တစိုက်အားပေးခဲ့ကြတဲ့သူတွေရဲ့ အားပေးမှုက ကျွန်တော့်အတွက် အများသူငှာသိထားတာထက်တောင် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော့်အပေါ် ဝေဖန်တိုက်ခိုက်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခရီးစဉ်တစ်ခုလုံးကို အမှတ်ရစရာဖြစ်အောင် ပုံဖော်ပေးခဲ့သလို ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားတစ်ဦး၊ ပိုကောင်းတဲ့လူတစ်ဦးဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့နေရာမှာ ပရိသတ်အားလုံးကလည်း အခန်းကဏ္ဍတစ်ခုစီ ရှိခဲ့ကြပါတယ်"
"ကျွန်တော့်ရဲ့မိသားစုကိုလည်း ပေးဆပ်ခဲ့ရသမျှ၊ အတူတူသွားလာရခဲ့သမျှ၊ ကျွန်တော့်အတွက် ပေးခဲ့တဲ့ အားပေးမှုတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ သူတို့တွေ မရှိဘဲ ဒါတွေအားလုံး ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။"
"ကစားသမားဘဝမှအနားယူချိန် ကျွန်တော့်ရဲ့ရင်တွင်းမှာ ဂုဏ်ယူမှုတွေ၊ ကျေးဇူးတင်စိတ်တွေနဲ့ တစ်သက်လုံးမေ့နိုင်မှာမဟုတ်တဲ့ အမှတ်တရတွေ အပြည့်ရှိနေပါတယ်။ ဘောလုံးကစားခြင်းက ကျွန်တော် စိတ်ကူးယဉ်ထားတာထက် ပိုပြီး အများကြီးပေးစွမ်းခဲ့သလို ရရှိခဲ့တဲ့ အခွင့်အရေးတွေအတွက်လည်း အမြဲတမ်းကျေးဇူးတင်နေပါမယ်။"
"ဒီခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်"လို့ မီလ်နာက ဆက်ပြောခဲ့ပါတယ်။
မီလ်နာက ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀သက်တမ်းတလျှောက် စီနီယာအဆင့်ပွဲစဉ်စုစုပေါင်း ၆၉၆ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၈၇ ဂိုး သွင်းယူခဲ့ပါတယ်။