ပြင်ပဆူညံသံတွေကို လျစ်လျူရှုဖို့ ခက်ခဲလွန်းတယ်လို့ ဝန်ခံလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အခုသီတင်းပတ်၊ ကွာရာဘတ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လတ်တလောမှာ ကြိုးကြာနီတွေက ဥရောပအဆင့်ပွဲစဉ်အဖြစ် မာဆေးလ်ကို ဝ-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့် ပြည်တွင်းလိဂ်မှာတော့ ဘုန်းမောက်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းမှ ထွက်ခွာလာခဲ့ပါတယ်။
လီဗာပူးက အန်ဖီးလ်မှာ ပီအက်စ်ဗွီကိုရှုံးနိမ့်မှုမတိုင်ခင် ယူအီးအက်ဖ်အေလိဂ်အဆင့်/အုပ်စုအဆင့်၊ အိမ်ကွင်းပွဲစဉ် ၁၆ ပွဲဆက်အနိုင်ရရှိခဲ့ပါတယ်။ မာဆေးဆိုဒ်မှာ ကွာရာဘတ်ကိုရင်ဆိုင်ဖို့ပြင်ဆင်နေချိန် အန်းစလော့က အသင်းမှာ ရော်ဘတ်ဆန်ဆက်ရှိနေမှုနဲ့ပတ်သက်လို့ ပထမဆုံးပြောကြားခဲ့ပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်း တော့တင်ဟမ်ဆီ ရော်ဘတ်ဆန်ပြောင်းရွှေ့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
အန်းစလော့က “ မနက်ဖြန်ပွဲစဉ်အတွက် ရော်ဘတ်ဆန်ပါဝင်လာပါလိမ့်မယ်။ သူက အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့ပြီးပါပြီ။ သူရှိနေလို့ ဝမ်းသာမိသလို အသင်းအတွက် သူကစားပေးနိုင်တာ ကောင်းပါတယ်။
ကျွန်တော်တို့ကမ္ဘာမှာ တစ်ခုခုကို အတိအကျပြောဖို့ ခက်ခဲပေမယ့် ဒီလအတွင်း သူဆက်ရှိနေဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားတဲ့ နောက်ခံလူဂျိုးဂိုးမက်ဇ်နဲ့ပတ်သက်လို့ ဒတ်ချ်လူမျိုးနည်းပြက “ ဂျိုးဂိုးမက်ဇ်အတွက် အချိန်ဇယားတော့ မရှိပေမယ့် မနက်ဖြန်ပွဲစဉ်မှာ သူမကစားနိုင်ဘူးဆိုတာ အတည်ပြုပေးနိုင်ပါတယ်။
ကိုနာတေးနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ သူ့အတွက် ခက်ခဲတဲ့အခိုက်အတန့်တစ်ခုဆီ ရောက်ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ မကြာခင် သူပြန်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲစဉ်မှာတော့ သူ မကစားနိုင်ပါဘူး”လို့ ပြောပါတယ်။
လတ်တလောမှာ လီဗာပူးက လိဂ်အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းပြင်ပ ရောက်ရှိနေသလို ကာရာဘောင်ဖလားပြိုင်ပွဲမှလည်း ထွက်ခွာထားရပြီး သရေပွဲစဉ်တွေနဲ့အတူ ရှုံးပွဲမရှိဖြတ်သန်းခဲ့ပေမယ့် တိုးတက်မှုတစုံတရာ မပြသထားပါဘူး။ ရလဒ်တွေသာ အပြောင်းအလဲမရှိရင် ဇာဘီအလွန်ဆိုနဲ့ အစားထိုးခံရမယ်လို့ အများယူဆထားတဲ့ နည်းပြတစ်ဦးအတွက် သူ့အပေါ်ရောက်ရှိလာတဲ့ ဖိအားတွေနဲ့အတူ ပြင်ပဆူညံသံတွေကို လျစ်လျူရှုဖို့ ခက်ခဲလွန်းတယ်လို့ အန်းစလော့က ပြောပါတယ်။
အန်းစလော့က “ စိတ်ပျက်စရာရလဒ်တိုင်းဟာ ဆူညံသံတွေကို ပြန်သယ်ဆောင်လာပေးပါလိမ့်မယ်။ ရာသီအစောပိုင်းမှာတင် ရှုံးပွဲများစွာကြုံခဲ့သူတွေအတွက် မျှော်လင့်နိုင်မယ့်အရာက ဆူညံသံတွေပဲ ဖြစ်ပါတယ်။ လိဂ်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူးဆိုရင် ဒီလိုကလပ်အသင်းတစ်ခုအတွက် ဆူညံသံတွေ ပိတ်ချပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဂိုးဧရိယာနှစ်ခုအကြားမှာ အရမ်းကောင်းအောင်ကစားနိုင်တဲ့ အသင်းတစ်ခုရှိပါတယ်။ ကိုယ့်ရဲ့ဂိုးဧရိယာမှ ဘောလုံးထုတ်ပြီး ပြိုင်ဘက်ဂိုးဧရိယာအထိ သယ်ဆောင်သွားတဲ့ပုံစံကို ဘုန်းမောက်နဲ့ပွဲစဉ်မှာ အကြိမ်များစွာမြင်တွေ့ခဲ့ပြီးပါပြီ။ ကျွန်တော်လိုချင်တဲ့အနေအထားမျိုးမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုကောင်းမွန်တဲ့အလားအလာမှတဆင့် အဆုံးသတ်ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ဂိုးဧရိယာဆီလည်း ပြိုင်ဘက်က အကြိမ်များစွာရောက်ရှိခဲ့ပြီး အခွင့်အရေးရခဲ့ပါတယ်။ လုံးဝကို ဟန်ချက်မညီမျှမှုပုံစံပါ။ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ပြင်းပြင်းထန်ထန်အနှောင့်အယှက်ဖြစ်စေတဲ့ အနုတ်လက္ခဏာဆောင်သောအရာတွေ ပေါင်းစပ်ထားမှု ဖြစ်ပါတယ်။ ဂိုးဧရိယာနှစ်ခုလုံးမှာ တိုးတက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အရာတစ်ခုကို ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါသေးတယ်။ ဂိုးဧရိယာတစ်ခုတည်းမှာပဲ တိုးတက်မယ်ဆိုရင် ကောင်းတဲ့အရာတစ်ခုလောက်တော့ လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် ဆူညံသံတွေ ရောက်ရှိလာပါလိမ့်မယ်”လို့ ပြောပါတယ်။