The network connection is lost.

Banner Image

ပွဲစဉ် ၃၉၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါလိဂ် အပါအဝင် ဘောလုံးလောကရဲ့ အဆိုးရွားဆုံးစိတ်ကူးစိတ်သန်းများ

မြောက်အမေရိကတိုက်ဒေသခံအားကစားပရိသတ်တွေ ဘယ်လိုပဲတွေးတွေး၊ ဘောလုံးဆိုတာ ကမ္ဘာ့လူကြိုက်အများဆုံးအားကစားနည်းအဖြစ် ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင် ရပ်တည်နေပါတယ်။

ဒါပေမဲ့ ဘောလုံးလောကရဲ့တာဝန်ရှိသူတွေမှာတော့ တကယ့်ကို ရူးကြောင်ကြောင် စိတ်ကူးတွေကို ထုတ်လေ့ရှိတဲ့ ထူးခြားတဲ့ စွမ်းရည်မျိုး ရှိကြပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဆိုရင် ဒါမျိုးတွေလုပ်ဖို့ အသက်မွေးဝမ်းကျောင်း ပြုထားသလားလို့တောင် ထင်မှတ်ရပါတယ်။

ဒါကြောင့် ဘောလုံးလောကရဲ့အဆိုးရွားဆုံးစိတ်ကူးစိတ်သန်းတချို့ကို လေ့လာကြည့်လိုက်ရအောင်။ ဘယ်တော့မှ ပြန်မပေါ်လာသင့်တော့တဲ့ စိတ်ကူးတစ်ခုမှ စတင်လိုက်ပါမယ်။

**ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၃၉)**
ပွဲစဉ် (၃၉) ဆိုတာ ပရီးမီးယားလိဂ်ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာ တိုးပွားလာနေတဲ့ ပရိသတ်တွေဆီမှ အကျိုးအမြတ်ထုတ်ယူဖို့ ကြံစည်ထားတဲ့ အငြင်းပွားစရာ စိတ်ကူးတစ်ခုပါ။ အနှစ်သာရကတော့ ငွေကြေးမက်မောတာပါပဲ။ နိုင်ငံခြားသားလုပ်ငန်းရှင်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ပုံမှန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မြောက်အမေရိကနဲ့ အာရှဒေသလို နိုင်ငံရပ်ခြားမှာ သွားရောက်ကျင်းပဖို့ တောက်လျှောက်ဆွေးနွေးနေကြပါတယ်။ ဒါ လုံး၀အဓိပ္ပါယ်မရှိပါဘူး။ အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ပြည်ပစျေးကွက်အတွက် တန်ဖိုးဆိုတာ  သူတို့ရဲ့ ဒေသတွင်းယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအရှိန်အဟုန်ပေါ်မှာပဲ မူတည်ပါတယ်။ ကလပ်အသင်းတွေဆိုတာ ဟိုနားဒီနား လိုက်ပြရတဲ့ မျောက်ပြပွဲ မဟုတ်ပါဘူး။ သူတို့မှာ ခိုင်မာပြီး အမြစ်တွယ်နေတဲ့ ဒေသတွင်းအမှတ်တရပုံရိပ်တွေ ရှိပါတယ်။ ပွဲစဉ် (၃၉)ဆိုတာ အင်္ဂလိပ်ဘောလုံးလောကရဲ့ ဝိညာဉ်ကို စော်ကားလိုက်တာပါပဲ။

**ကလပ်ကမ္ဘာ့ဖလား(Club World Cup)**
လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်ကတော့ ဒီပြိုင်ပွဲကို ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် 'ဘောလုံးသမိုင်းတလျှောက် အဆိုးရွားဆုံးစိတ်ကူး' လို့ ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဖီဖာကတော့ ကလော့ပ်နဲ့ တခြားနာမည်ကြီးဝေဖန်သူတွေကို လျစ်လျူရှုပြီး ရာသီကြိုပြိုင်ပွဲတစ်ခုထက် မပိုတဲ့ ဒီပြိုင်ပွဲကို ဇွတ်အတင်း ကျင်းပခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ သူတို့အသင်းကို 'ကမ္ဘာ့ချန်ပီယံ' လို့ အားရပါးရ ကြွေးကြော်နေကြပေမဲ့ ပြီးခဲ့တဲ့ရာသီ၊ ဘောလုံးလောကမှာ သူတို့အသင်း ဘယ်လောက်အထိ အခြေအနေဆိုးရွားခဲ့သလဲဆိုတာကိုတော့ မေ့နေကြပုံရပါတယ်။ ကလပ်ကမ္ဘာ့ဖလားဆိုတာ ဖီဖာအတွက် ပိုက်ဆံပိုရဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုထက် မပိုပါဘူး။

**ဥရောပစူပါလိဂ် (European Super League)**
ဘောလုံးလောကရဲ့ အညံ့ဖျင်းဆုံးစိတ်ကူးတစ်ခုဖြစ်တဲ့ ဥရောပစူပါလိဂ်(ESL)အကြောင်း ထွက်ပေါ်လာခဲ့တာ ငါးနှစ်ကျော် ရှိသွားပါပြီ။ ထိပ်တန်းကလပ်အသင်းတွေရဲ့ ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး လုပ်လာတဲ့ကိစ္စကို ပရိသတ်တွေကိုယ်တိုင် လက်မခံခဲ့ကြလို့ ဒီအစီအစဉ်က ခေတ္တခဏအကြာမှာပဲ ပျက်သုဉ်းသွားပါတယ်။ တန်းဆင်းတန်းတက် မရှိဘူးဆိုတာ တခြားအားကစားတွေမှာ အလုပ်ဖြစ်နိုင်ပေမဲ့ ဘောလုံးပရိသတ်တွေအတွက်တော့ အရည်အချင်းအစစ်အမှန်ကို ဖျက်ဆီးပစ်လိုက်တဲ့ပုံစံမျိုးအပေါ် ဘယ်လိုမှ လက်မခံနိုင်ကြပါဘူး။ ဘောလုံးနဲ့ပတ်သက်ပြီး 'စီးပွားရေးအရ တွက်ခြေကိုက်တယ်' ဆိုတဲ့ စကားလုံးတွေ သုံးလာပြီဆိုရင်တော့ ဒါ အခြေအနေမကောင်းတော့တဲ့ လက္ခဏာပါပဲ။

**မီးရှူးမီးပန်းတွေနဲ့အတူ ပွဲမတိုင်ခင် ဟန်ပြလုပ်ဆောင်မှုများ**
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းရွိုင်ကိန်းက မီးရှူးမီးပန်းတွေကို သဘောမကျဘူးလို့ ပြောဖူးပါတယ်။ သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ အသင်းတစ်ခုက အားပေးမှုအရှိန်မြင့်မားလာအောင် အဲ့ဒီလို အပေါ်ယံဟန်ပြအလုပ်တွေကိုပဲ အားကိုးနေရတယ်ဆိုရင် အဲ့ဒီပရိသတ်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သွားဖို့ လိုအပ်နေပါပြီ။ Super Bowl လို ပြိုင်ပွဲမျိုးမှာတော့ အကြီးအကျယ်ပြင်ဆင်ထားတဲ့ မီးရှူးမီးပန်းတွေက အဆင်ပြေနိုင်ပေမဲ့ မိုးရွာပြီး လေတိုက်နေတဲ့ အင်္ဂလန်ညချမ်းမျိုးနဲ့တော့ လုံးဝ မအပ်စပ်ပါဘူး။ ခရစ်မာတင်စီစဉ်တဲ့ ပွဲနားချိန်ကြားကာလဖျော်ဖြေရေးဆိုတာလည်း အမှိုက်ပုံးထဲ ပစ်ထည့်ရမယ့် အရာတွေပါ။

**ချန်ပီယံမဟုတ်ဘဲ ချန်ပီယံလိဂ် ကစားခွင့်ရခြင်း**
အခုခေတ်ပရိသတ်အတော်များများက ဘောလုံးအားကစားကို ၁၉၉၂ ခုနှစ်မှစတင်ခဲ့တယ်လို့ ထင်နေကြပြီး ချန်ပီယံလိဂ်ရဲ့ပုံစံ ဘာကြောင့်မှားယွင်းနေသလဲဆိုတာကို နားမလည်ကြပါဘူး။ လီဗာပူးအသင်းကိုပဲ ကြည့်လိုက်ပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ပြီး အဆင့်-၅ နေရာနဲ့ပဲ ရာသီသိမ်းခဲ့ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။ တကယ်လို့ လာမယ့်နှစ်၊ ဇွန်လမှာ သူတို့တွေ ဥရောပချန်ပီယံဖြစ်သွားမယ်ဆိုရင် 'ချန်ပီယံ'ဆိုတဲ့စကားလုံးက လုံးဝ အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။ အရင်တုန်းကလို ရှုံးထွက်စနစ်နဲ့ပဲကစားတဲ့ ပုံစံမျိုး ပြန်မလာနိုင်တော့တဲ့ကိစ္စကတော့ တကယ်ကို နှမြောစရာပါပဲ။

**အောင်ပွဲခံလွန်းလို့ အဝါကတ်ပြခြင်း**
ပွဲချိန် ၉၃ မိနစ်၊ တဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေချိန် ခြောက်နှစ်လောက်ဂိုးပေါက်ပျောက်နေတဲ့ ဘယ်အစွန်နောက်ခံလူတစ်ဦးက ၃၅ ကိုက်အကွာမှတဆင့် အံ့ဖွယ် ဂိုးသွင်းယူလိုက်တယ်ဆိုပါစို့။ သူကတော့ ပျော်လွန်းလို့ ဂျာစီတွေချွတ်ပြီး ပရိသတ်တွေကြားထဲ ခုန်ဆင်းသွားမှာပေါ့။ အဲ့ဒီအတွက် သူရမယ့်ဆုလာဘ်ကတော့ အဝါကတ်ပါပဲ။ အကယ်၍ သူသာ အစောပိုင်းမှာ အဝါကတ်ထိထားမယ်ဆိုရင် ဒိုင်လူကြီးက အနီကတ်ပြပြီး ထုတ်ပယ်ရပါတော့မယ်။ ဒီလိုစည်းကမ်းပိုင်းတွေက ဘောလုံးရဲ့ပျော်ရွှင်မှုကို စုပ်ယူနေတာဖြစ်လို့ ရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။

**ဖီဖာရဲ့ စီးပွားရေးဆိုင်ရာရှယ်ယာတွေ ရောင်းချခြင်း**
ဖီဖာ(FIFA) ဆိုတာကတော့ အင်ဖန်တီနိုလက်ထက်မှာလည်း ထူးထူးဆန်းဆန်းတွေ အမြဲလုပ်နေပါတယ်။ သူ လုပ်နေတဲ့အရာတွေကို ကြည့်လိုက်ရင် အရင်ဥက္ကဋ္ဌဆပ်ဘလတ္တာတောင် နည်းနည်းတော်သေးတယ်လို့ ထင်ရပါတယ်။ အခု အင်ဖန်တီနိုရဲ့နောက်ဆုံးပေါ် နာမည်ကြီးနေတဲ့ စိတ်ကူးကတော့ ပြိုင်ပွဲတွေရဲ့ စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ပါပဲ။ အဂတိလိုက်စားမှုတွေ၊ အရှုပ်တော်ပုံတွေနဲ့ အားမရသေးဘဲ အင်ဖန်တီနိုကတော့ ဘောလုံးလောကကို ပိုပြီး ကမောက်ကမဖြစ်အောင် လုပ်နေပုံရပါတယ်။ သူက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်လည်း ဖြစ်နေလို့ အခုလိုအသိဉာဏ်ကင်းမဲ့တဲ့စိတ်ကူးတွေပဲ ထွက်လာတယ်ဆိုတာ မဆန်းလှပါဘူး။

(Source : One Football)