ဂိုးသမားတွေရဲ့အချိန်ဆွဲမှုအပေါ် တားဆီးနိုင်ဖို့ စည်းမျဉ်းသစ်တွေ စမ်းသပ်ကျင့်သုံးမယ့် အင်္ဂလန်ဘောလုံးလောက
အင်္ဂလန်ဘောလုံးလောကအနေဖြင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ဂိုးသမားတွေ ဒဏ်ရာရရှိသလို ဟန်ဆောင်ပြီး ပွဲအရှိန်နှေးကွေးစေတာနဲ့ နည်းပြဆီမှ လမ်းညွှန်ချက်ခံယူတာတွေကို တားဆီးဖို့ စည်းမျဉ်းသစ်တွေ စမ်းသပ်လုပ်ဆောင်သွားပါလိမ့်မယ်။
ဒီစမ်းသပ်မှုကို ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအစည်းအရုံး(Pro Ref)၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)၊ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ အမျိုးသမားစူပါလိဂ်(WSL) နဲ့ နေရှင်နယ်လိဂ် (National League) တို့က ထောက်ခံထားကြပြီး အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (IFAB) ရဲ့ အတည်ပြုချက်ကိုတော့ စောင့်ဆိုင်းနေရပါတယ်။
အဆိုပါအဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ "ဒီစမ်းသပ်မှုရဲ့တစိတ်တပိုင်းအဖြစ် အကယ်၍ ဂိုးသမားဒဏ်ရာရရှိနေလို့ ပွဲစဉ်ကို ရပ်နားလိုက်မယ်ဆိုရင် နည်းပြ သို့မဟုတ် နည်းပြချုပ်ကိုယ်တိုင် ကွင်းတွင်းရှိကစားသမားတစ်ဦးကို ချက်ချင်းအပြင်ထွက်ဖို့ အမည်စာရင်းပေးရပါလိမ့်မယ်" လို့ ဖော်ပြထားပါတယ်။
"အဲဒီလို အမည်စာရင်းပေးခံရတဲ့ ကစားသမားက ပွဲပြန်စပြီး အနည်းဆုံးတစ်မိနစ်ကြာချိန်အထိ ကွင်းတွင်းပြန်ဝင်ခွင့် မရရှိနိုင်ပါဘူး"
"ရည်ရွယ်ချက်ကတော့ တကယ်ဒဏ်ရာရနေသူတွေအတွက် လိုအပ်တဲ့ ဆေးကုသမှုကို ဆက်လက်ရရှိစေဖို့ဖြစ်ပြီး တစ်ဖက်မှာလည်း ပွဲရပ်နားချိန်ကို အခွင့်ကောင်းယူကာ နည်းဗျူဟာပိုင်းအသာစီးရယူတာမျိုးမဖြစ်အောင် တားဆီးဖို့ပါပဲ" လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြိုင်ဘက်ရဲ့ပြစ်ဒဏ်ကျူးလွန်ခံရတာ၊ လူချင်းတိုက်မိတာ ဒါမှမဟုတ် သွေးထွက်သံယိုဖြစ်တာမျိုးတွေကြောင့် ချက်ချင်းကုသဖို့ လိုအပ်တဲ့အခြေအနေမျိုးမှာတော့ ဒီစည်းမျဉ်းမှ ကင်းလွတ်ခွင့် ရရှိပါလိမ့်မယ်။
ဒီလုပ်ဆောင်ချက်က ပြီးခဲ့တဲ့ရာသီ၊ ဂိုးသမားတွေ ဘောလုံးကို ရှစ်စက္ကန့်သာ ကိုင်ဆောင်ထားရမယ်ဆိုတဲ့ စည်းမျဉ်း အောင်မြင်ခဲ့ပြီးနောက် ထပ်မံပေါ်ပေါက်လာတာပါ။ ဒါ့အပြင် နောက်ပိုင်းမှာ လက်ပစ်ဘောတွေနဲ့ ဂိုးလွန်ဘောတွေမှာ အချိန်ဆွဲမှုရှိမယ်ဆိုရင်လည်း ဒိုင်လူကြီးက ငါးစက္ကန့်ရေတွက်ပြီး အရေးယူမှုတွေ ဆောက်ရွက်သွားပါလိမ့်မယ်။