မန်စီးတီးအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပေမဲ့ ရိုင်ယန်ချာကီအပေါ် ဒူဂါရီရဲ့ ဝေဖန်မှုတွေ ဆက်ရှိနေဆဲ
ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့ဖူးတဲ့ ခရစ္စတိုဖာ ဒူဂါရီကတော့ ရိုင်ယန်ချာကီရဲ့ ကစားပုံအပေါ် အားရကျေနပ်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်က ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲမှာ ချာကီက မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားစဉ်ကတည်းက လိုင်ယွန်ကွင်းလယ်လူဟောင်း ချာကီကို ဝေဖန်ခဲ့ဖူးတဲ့ ဒူဂါရီကတော့ အခုလို ချီးကျူးခံနေရတာတွေကို နားမလည်နိုင် ဖြစ်နေပါတယ်။ RMC နဲ့ အင်တာဗျူးမှာ ဒူဂါရီက "သူက တခြားသူတွေနဲ့ ဘာထူးခြားလို့လဲ။ ချာကီရဲ့ ကစားဟန်က ဘာလဲ။ တခြားသူတွေက မျက်စိကန်းနေကြတာလား၊ ဒါမှမဟုတ် လူပြက်တွေလား။ သူက ဘယ်သူနဲ့များ ကွဲပြားနေလို့လဲ။ ဘာလို့ သူ့ကိုမှ ထူးထူးခြားခြား ဆက်ဆံနေရမှာလဲ။ သူက အိုလီဆေးထက် ပိုတော်သလား၊ ဒူယေးထက် ပိုတော်သလား၊ ဒါမှမဟုတ် ဘာကိုလာထက် ပိုတော်နေလို့လား။ သူ ဘောလုံးထိတိုင်း တစ်ကိုယ်တော်ပြပွဲကြီးလို့ ထင်နေတာတွေကို ရပ်သင့်ပြီ။ သူက အသင်းအတွက် ပိုပြီးထိရောက်တဲ့ ကစားပုံမျိုး ရှိဖို့လိုအပ်ပါတယ်" လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ပက်ဂွါဒီယိုလာကိုယ်တိုင် ပြောခဲ့သလိုပဲ ချာကီအနေနဲ့ အသင်းအတွက် ပိုပြီး ဖိအားပေးကစားဖို့ (press) လိုအပ်နေပြီး ဒါဟာ ခေတ်သစ်ဘောလုံးလောကမှာ အလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လို့လည်း ဒူဂါရီက ထောက်ပြသွားခဲ့ပါတယ်။