ချဲလ်ဆီးမှထွက်ခွာဖွယ်ရှိနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ဝေဖန်လိုက်တဲ့ ဂျွန်အိုဘီမီခေးလ်
ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဂျွန်အိုဘီမီခေးလ်က အသင်းကစားသမားအန်ဇိုဖာနန်ဒက်ဇ်ကို ပစ်မှတ်ထားဝေဖန်လိုက်ပါတယ်။
နိုင်ဂျီရီးယားကွင်းလယ်လူဟောင်းက အနာဂတ်မှာ မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ စဉ်းစားထားတယ်ဆိုတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပြောကြားချက်ကို မကျေမနပ်ဖြစ်နေပါတယ်။ တဖက်မှာလည်း အာဂျင်တီးနားကွင်းလယ်လူက အခုနွေရာသီအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်တစ်ခု ဖြစ်နေပါတယ်။
မီခေးလ်က "ဒါ ချဲလ်ဆီးအသင်းပါ၊ တခြားအသင်းဆီကူးပြောင်းဖို့ ခြေကုပ်ယူရမယ့်နေရာ မဟုတ်ပါဘူး။ မင်းရဲ့စိတ်က မက်ဒရစ်ကို ရောက်နေပြီဆိုရင် ဒီအပြာရောင်ဂျာစီကို မဝတ်သင့်တော့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ချယ်လ်ဆီးမှာ ကစားခဲ့တုန်းက အသင်းရဲ့ အမှတ်တံဆိပ်အတွက်ပဲ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အနာဂတ်မှာ တခြားအသင်းဆီပြောင်းရွှေ့ဖို့အတွက် မကစားခဲ့ပါဘူး" လို့လည်း သူက ဆိုပါတယ်။
Marca သတင်းဌာနရဲ့ဖော်ပြချက်အရ ရီရဲလ်မက်ဒရစ်က လာမယ့်အပြောင်းအရွှေ့ကာလမှာ မန်စီးတီးကွင်းလယ်လူရိုဒရီထက် အန်ဇိုဖာနန်ဒက်ဇ်ကို ဦးစားပေးခေါ်ယူရမယ့် ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။