ဆန်းဒါးလန်းက အိမ်လိုပဲခံစားရတယ်လို့ ဖွင့်ဟလာတဲ့ ဇာခါ
ဆန်းဒါးလန်းမှာ နေထိုင်ရတာက ကိုယ့်အိမ်ကိုယ်ပြန်ရောက်သလို ခံစားရတယ်လို့ ဆန်းဒါးလန်းအသင်းခေါင်းဆောင် ဂရန်းနစ်ဇာခါက ဝန်ခံပြောကြားလိုက်ပါတယ်။
ဇာခါဟာ ပြီးခဲ့တဲ့နွေရာသီက ဘေယန်လေဗာကူဆင်ကနေ ဆန်းဒါးလန်းကို ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် ထူးထူးခြားခြား ခြေစွမ်းပြသနေသူလည်း ဖြစ်ပါတယ်။
သူက safc.com ကို ပြောကြားရာမှာတော့ "ကျွန်တော် ကြီးပြင်းခဲ့တဲ့ ဘေဆယ်လ်မြို့မှာ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူပါတယ်။ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သွားသလိုပါပဲ။ ပရိသတ်တွေ ကျွန်တော်တို့အတွက် ဘယ်လောက်တောင် အားသွန်ခွန်စိုက် လုပ်ပေးနေကြတယ်ဆိုတာ မြင်နိုင်ပါတယ်။ အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ ကွင်းလုံးပြည့် အားပေးနေကြတာပါ။
ကျွန်တော်တို့ဘက်က လုပ်ပေးရမှာက သူတို့ကို တစ်ခုခုပြန်ပေးဖို့ပါပဲ၊ သူတို့တွေဟာ ပြုံးပျော်နိုင်ဖို့နဲ့ ထိုက်တန်ပါတယ်။ သူတို့တွေ နှစ်တော်တော်များများ ရုန်းကန်ခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် အခုအချိန်မှာ သူတို့ကို တစ်ခုခုပြန်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ" လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် ဇာခါက "ကျွန်တော်က ကွင်းထဲမှာတစ်မျိုး၊ ကွင်းပြင်ပမှာတစ်မျိုးပါ။ ကျွန်တော် အမြဲတမ်း အနိုင်ရချင်ပါတယ်။ ကွင်းထဲမှာဆိုရင် အနိုင်ရဖို့အတွက် ဘာမဆို အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကွင်းပြင်ပမှာတော့ ကျွန်တော်က ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူပါ။ နောက်ပြောင်ရတာ၊ ရယ်မောရတာကို ကြိုက်သလို မျိုးဆက်သစ်တွေအတွက်လည်း စံပြတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။