The network connection is lost.

Banner Image

လီဗာပူးဂန္ထဝင်ဂျွန်တော့ရှက်မှာ သူငယ်ပြန်ရောဂါ ခံစားနေရတယ်လို့ သားဖြစ်သူ ပြောကြား

ရီးရဲလ်မက်ဒရစ်နဲ့ ဝေးလ်လက်ရွေးစင်အသင်းတို့ကို တာဝန်ယူခဲ့ဖူးတဲ့ လီဗာပူးနဲ့ ဝေးလ်ဂန္ထဝင်ကစားသမားကြီး ဂျွန်တော့ရှက်မှာ သူငယ်ပြန်ရောဂါ (Dementia) ခံစားနေရပြီလို့ သူ့ရဲ့သားဖြစ်သူကင်မရွန်က ပြောကြားလိုက်ပါတယ်။

တော့ရှက်က အန်ဖီးလ်မှာကစားခဲ့ချိန်အတွင်း ဂိုး ၁၀၀ နီးပါး သွင်းယူပေးခဲ့ကာ ဆုဖလားအများအပြားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သူက ကီဗင်ကီးဂန်းနဲ့အတူပေါင်းစပ်ပြီး ထိတ်လန့်ဖွယ်တိုက်စစ်အတွဲအဖက်ကို တည်ဆောက်နိုင်ခဲ့သလို ဝေးလ်လက်ရွေးစင်အသင်းအတွက်လည်း ပွဲ ၄၀ ကစားပေးခဲ့ပါတယ်။

ရှည်လျားတဲ့ နည်းပြဘဝသက်တမ်းတစ်လျှောက်မှာတော့ အသက် ၇၇ နှစ်အရွယ်တော့ရှက်က ရီးရဲလ်ဆိုစီဒက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဝေးလ်လက်ရွေးစင်အသင်းအပါအဝင် အသင်းအများအပြားကို ကိုင်တွယ်ခဲ့ပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ဘောလုံးနည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ကင်မရွန်က သူ့ဖခင်ရဲ့ ဝေဒနာအခြေအနေနဲ့ ပတ်သက်လို့ Daily Mail သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။

"ဒါ တကယ့်ကို ဆိုးရွားတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ လက်တလောမှတ်ဉာဏ်ပိုင်းမှာ ပြဿနာရှိနေတာကို တွေ့ရပါတယ်။ ကျွန်တော် သူနဲ့ နေ့တိုင်းနီးပါး စကားပြောဖြစ်တယ်၊ နေ့လယ်ပိုင်းမှာ စကားပြောဖြစ်တယ်ဆိုရင် မနက်ပိုင်းက ကျွန်တော်တို့ စကားပြောထားခဲ့တာကို သူမှတ်မိချင်မှ မှတ်မိတော့တာပါ" လို့ ကင်မရွန်က ဆိုပါတယ်။

"ဒါပေမဲ့ လီဗာပူးမှာ ကစားခဲ့တဲ့အချိန်တွေ၊ ဒါမှမဟုတ် ဆိုစီဒက်နဲ့ ရီးရဲလ်မက်ဒရစ်မှာ နည်းပြခဲ့တဲ့အကြောင်းတွေကို မေးလိုက်ရင်တော့ အသေးစိတ်ကအစ အံ့ဩစရာကောင်းလောက်အောင် မှတ်မိနေတုန်းပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကတင် ကျွန်တော့်ကို ပြောပြနေပါသေးတယ်။ အာရီဂိုဆက်ချီရဲ့ အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကစားခဲ့တဲ့ပွဲအကြောင်းပေါ့၊ မာကိုဗန်ဘက်စတင်ကို ထိန်းချုပ်ဖို့ သူ့ရဲ့ကွင်းလယ်ကို ဘယ်လိုမျိုး ပြင်ဆင်ခဲ့လဲဆိုတာကို အသေးစိတ် ပြန်ပြောနိုင်ပါတယ်။ အဲဒီပွဲက မနေ့ကတင်ကစားခဲ့သလိုမျိုး သူ့ရဲ့မှတ်ဉာဏ်မှာ ကြည်လင်နေတုန်းပဲ" လို့ ပြောပြခဲ့ပါတယ်။

တော့ရှက်က ရီးရဲလ်ဆိုစီဒက်အသင်းကို သုံးကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးပြီး အဲဒီကာလအတွင်း ကိုပါဒယ်လ်ရေးဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ လာလီဂါချန်ပီယံဆုဖလားကို အရယူပေးခဲ့ပါတယ်။

ဒါ့အပြင် သူက ပြင်သစ်၊ တူရကီ၊ မော်ရိုကို၊ အဇာဘိုင်ဂျန်နဲ့ အီတလီနိုင်ငံတွေမှာလည်း နည်းပြအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သလို ဝေးလ်လက်ရွေးစင်အသင်းကိုလည်း နှစ်ကြိမ်တိုင်တိုင် တာဝန်ယူခဲ့ဖူးပါတယ်။