ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်မှာ အောင်မြင်မှုရနေတဲ့ ကာရစ်ကို တိုမီနေး ချီးကျူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း စကော့မက်တိုမီနေးက လက်ရှိအသင်းကို ယာယီကိုင်တွယ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ၂ ပွဲဆက်အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြသစ် မိုက်ကယ်ကာရစ်ကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။
အသက်-၂၉ နှစ်အရွယ် တိုမီနေးဟာ ၂၀၂၄ ခုနှစ်နွေရာသီမှာ ယူနိုက်တက်မှထွက်ခွာပြီး စီးရီးအေကလပ် နာပိုလီသို့ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ အီတလီစီးရီးအေရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့တာ ၂ နှစ်နီးပါးရှိပြီဖြစ်ပေမယ့် အသင်းဟောင်း ယူနိုက်တက်ကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး ယခုအခါမှာ နည်းပြသစ်ကာရစ်အတွက် ဂုဏ်ပြုစကားပြောကြားလာခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တိုမီနေးက "အမှန်တိုင်းပြောရမယ်ဆိုရင် ယူနိုက်တက်ရဲ့ရလဒ်တွေကို ကျွန်တော်မအံ့ဩမိပါဘူး။ ကျွန်တော့်အနေနဲ့ ကာရစ်အပေါ်မှာ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေအများကြီးရှိပါတယ်။ သူရင် ကီရန်မက်ကန်နာရယ်၊ အိုလီဂန်နာဆိုးလ်ရှားရယ်က ကျွန်တော့်ကို ယူနိုက်တက်မှာ အများကြီးကူညီပေးခဲ့ကြသူတွေပါ။ ယူနိုက်တက်အတွက် အကောင်းဆုံးတွေဖြစ်လာပါစေလို့ ဆုတောင်းပါတယ်"
"မန်စီးတီးနဲ့ အာဆင်နယ်ကိုဆက်တိုက်နိုင်ခဲ့တာ တကယ်ကိုအံ့မခန်းပါပဲ။ ဒါကိုမြင်တွေ့ရတာ ကျွန်တော့်အတွက်တော့ တကယ်ကို ဝမ်းသာစရာပါ။ ကစားသမားအားလုံးအတွက်ကျွန်တော်ဂုဏ်ယူမိသလို၊ ဒီလိုနိုင်ပွဲတွေ ရေရှည်ဆက်ရှိနေပါစေလို့ ဆုတောင်းပါတယ်"
"အာဆင်နယ်၊ မန်စီးတီးတို့နဲ့ကစားရတဲ့ပွဲတွေက အရေးကြီးသလို၊ အသင်းငယ်တွေဒါမှမဟုတ် တန်းတက်အသင်းတွေနဲ့ကစားရမယ့် အဝေးကွင်းပွဲစဉ်တွေကလည်း အရေးကြီးပါတယ်။ သူတို့ပွဲတွေကို ဆက်ကြည့်ဖို့ ကျွန်တော်စောင့်မျှော်နေသလို၊ ရလဒ်ကောင်းတွေရရှိဖို့အတွက်လည်း ဆုတောင်းနေပါမယ်" လို့ပြောကြားခဲ့ပါတယ်။