ရီးရဲလ်မက်ဒရစ်နဲ့ အာဘီလိုအာကို ပြန်လည်ဆုံတွေ့ဖို့ အဆင်သင့်ဖြစ်နေတဲ့ မော်ရင်ဟို
ဟိုဆေးမော်ရင်ဟိုရဲ့ဘင်ဖီကာအသင်းက ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ပေါ်တူဂီလူမျိုးနည်းပြအတွက် သူ့ရဲ့အသင်းဟောင်းအပြင် သူအယုံကြည်ရဆုံးကစားသမားဖြစ်သူ အာဘီလိုအာတို့နဲ့ စိတ်လှုပ်ရှားဖွယ် ပြန်လည်ဆုံစည်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။
စီနီယာအဆင့်နည်းပြတာဝန်ကို ပထမဆုံးအကြိမ်ထမ်းဆောင်နေတဲ့ အာဘီလိုအာက မော်ရင်ဟိုရဲ့နောက်ထပ်ယုံကြည်ရတဲ့ကစားသမားဟောင်းဖြစ်တဲ့ အလွန်ဆိုရဲ့နေရာမှာ အစားထိုးဝင်ရောက်လာသူ ဖြစ်ပါတယ်။ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကိုတာဝန်ယူခဲ့တဲ့ မော်ရင်ဟိုက သူ့ရဲ့ခံစစ်မှူးဟောင်းအကြောင်း နွေးနွေးထွေးထွေးပြောကြားလာခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ အနှစ်သက်ဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ရည်ညွှန်းခဲ့ပါတယ်။
အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း မော်ရင်ဟိုက “ အာဘီလိုအာဆိုတာ ကျွန်တော့်အတွက် ကစားသမားဟောင်းဖြစ်ရုံသာမက သားတစ်ဦးလိုပါ ဖြစ်နေပါတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင် သူက ကျွန်တော့်ရဲ့အကြိုက်ဆုံးကစားသမားတွေထဲမှာ ပါဝင်ပါတယ်။ ကျွန်တော့်ရဲ့ရီးရဲလ်မက်ဒရစ်နည်းပြဘဝမှာ သူက အကောင်းဆုံးကစားသမားမဟုတ်ဘူးဆိုရင်တောင် အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်ပါတယ်။ အခုတော့ သူက ကျွန်တော်ကိုယ်တိုင်ဖိအားပေးရမယ့် နောက်ဆုံးလူဖြစ်ပါတယ်”လို့ ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်လူငယ်အကယ်ဒမီမှ စီနီယာအသင်းဆီတက်လှမ်းလာတဲ့ အာဘီလိုအာနဲ့ရင်ဆိုင်ရချိန် အတွေ့အကြုံနုနယ်ခြင်းဟာ အဓိကအကြောင်းရင်းဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းကို မော်ရင်ဟိုက ပယ်ချခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ပွဲစဉ်မှလွဲလို့ ရီးရဲလ်မက်ဒရစ်မှာအောင်မြင်မှုရရှိစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
မော်ရင်ဟိုက “ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို အာဘီလိုအာ ကိုင်တွယ်နိုင်ပါတယ်။ မနက်ဖြန်ပွဲစဉ်မှလွဲလို့ ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံးလုပ်ပြနိုင်ဖို့ ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မိုနာကို ၆-၁ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူကာ ရမှတ် ၁၅ မှတ်နဲ့အတူ အမှတ်ပေးဇယားအဆင့်-၃ နေရာဆီ တက်လှမ်းလာပါတယ်။ မက်ဒရစ်အခြေစိုက်ကလပ်အတွက် အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းစာရင်းဝင်အဖြစ် ရှုံးထွက်အဆင့်ဆီတိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ရှိနေပြန်ပါတယ်။
တဖက်မှာတော့ ဘင်ဖီကာက ရမှတ်ခြောက်မှတ်ဖြင့် အဆင့်-၂၉ နေရာမှာရှိနေပြီး ပြိုင်ပွဲမှထွက်ခွာရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ မော်ရင်ဟိုရဲ့အသင်းက ထိပ်ဆုံး ၂၄ သင်းစာရင်းဝင်အဖြစ် ရှုံးထွက်ပလေးအော့ဖ်ကစားခွင့်ရရှိဖို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူရန် မဖြစ်မနေလိုအပ်နေပါတယ်။
မော်ရင်ဟိုက သူ့အသင်းရင်ဆိုင်ရမယ့်အခက်အခဲကို အသိအမှတ်ပြုပေမယ့် ဘင်ဖီကာရဲ့ချဉ်းကပ်မှုအပေါ် သူ့ရဲ့ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။
သူက “ အနိုင်ရရှိဖို့ဆိုရင် ပြိုင်ဘက်ထက် တစ်ဂိုးထက်မနည်းပိုသွင်းယူဖို့ လိုအပ်တယ်ဆိုတာ ရှင်းပါတယ်။ ဂိုးသွင်းယူဖို့ပဲ ကစားသွားပါမယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်က ကျွန်တော်တို့ကို အရမ်းကြီးဒုက္ခမပေးနိုင်ပါဘူး။ ဟန်ချက်ညီမှုသာ အဓိကကျပါလိမ့်မယ်။ ဟန်ချက်ညီမှုမရှိရင် ရီးရဲလ်မက်ဒရစ်က ကျွန်တော်တို့ကို အပြစ်ပေးသွားပါလိမ့်မယ်။
ကျွန်တော်တို့က အရမ်းကောင်းတဲ့ကစားသမားတွေပါဝင်တဲ့ အရမ်းကောင်းတဲ့ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ ကျွန်တော်တို့အတွက် ဆုံးရှုံးစရာ ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် ဟန်ချက်ညီမှုကို ထိန်းသိမ်းကာ ကိုယ့်ပွဲစဉ်ကိုကစားရင်း ပြိုင်ပွဲမှာဆက်ရှိနေဖို့ တိုက်ပွဲဝင်သွားပါမယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီလူမျိုးနည်းပြက အလွန်ဆိုအပေါ်မှာထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကိုလည်း ဝေမျှခဲ့ပါတယ်။
မော်ရင်ဟိုက “ အလွန်ဆို,ဆိုတာလည်း ကျွန်တော့်ရဲ့နောက်ထပ်သားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဟောင်းတွေ အောင်မြင်နေတယ်လို့ ကြားသိရရင် ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ မက်ဒရစ်မှကျွန်တော်ထွက်ခွာသွားပြီးနောက် အလွန်ဆိုဖြစ်ပျက်ခဲ့တဲ့အရာတွေကို ကျွန်တော် စိတ်မပူမိပါဘူး။ ဒါပေမဲ့ သူက ဘယ်လိုနည်းပြမျိုးလဲဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ အခုအချိန်၊ သူပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်”လို့ ပြောပါတယ်။