The network connection is lost.

Banner Image

မော်ရိုကိုရဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ ကြုံးဝါးနေချိန် ဆီနီဂေါကို အာဖရိကဖလားချန်ပီယံအဖြစ် ပြန်လည်သတ်မှတ်

ဆီနီဂေါအသင်းထံမှ ချန်ပီယံဆုကို ရုပ်သိမ်းပြီး အိမ်ရှင်မော်ရိုကိုဆီ လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာအနုညာတခုံရုံး(CAS) က ပယ်ဖျက်လိုက်ပြီးနောက် ၂၀၂၅ အာဖရိကနိုင်ငံများဖလား(AFCON) ရဲ့ ချန်ပီယံအဖြစ် ဆီနီဂေါကို ပြန်လည်အတည်ပြု သတ်မှတ်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ခုံရုံးက ဗိုလ်လုပွဲကို အရှုံးပေးစွန့်လွှတ်ခဲ့တယ်ဆိုကာ မော်ရိုကိုကို ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့တဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) အယူခံဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့စပ်လျဉ်းလို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်(FSF)ရဲ့ အယူခံဝင်မှုကို လက်ခံအတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် မူလရလဒ်ဖြစ်တဲ့ ဆီနီဂေါရဲ့ ၁-၀ ဂိုးဖြင့် အနိုင်ရရှိမှု အတည်ဖြစ်သွားခဲ့ပါပြီ။

ခုံရုံးက "ပွဲကို ပြန်လည်စတင်ဖို့ ခရာမှုတ်လိုက်ခြင်းအားဖြင့် ဒိုင်လူကြီးက ပွဲပြန်လည်စတင်နိုင်မယ့် အခြေအနေတွေ ပြည့်စုံသွားပြီလို့ ယူဆခဲ့ပါတယ်။ အသင်းနှစ်ခုလုံး ကွင်းတွင်း ပြန်ရောက်လာကြသလို ပြန်လည်ကစားဖို့ ဆန္ဒရှိတယ်ဆိုတာလည်း နှစ်ဖက်အသင်းမှာပါဝင်သူတွေကိုယ်တိုင် ဖော်ပြခဲ့ကြပါတယ်"

"ခုံသမာဓိအဖွဲ့ရဲ့အမြင်အရ ဒိုင်လူကြီးဆုံးဖြတ်ချက်ရဲ့ အကျိုးသက်ရောက်မှုတွေက ကွင်းအတွင်းမှာသာ ကန့်သတ်ထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်က 'ကွင်းတွင်းပွဲစဉ်ကစားမှုဆိုင်ရာ စည်းမျဉ်း' ဘောင်အတွင်းမှာ အကျုံးဝင်တယ်လို့ ခုံသမာဓိအဖွဲ့က သတ်မှတ်ပါတယ်" လို့ ပြောပါတယ်။

တဖက်မှာလည်း CAS က စည်းမျဉ်းတွေကို မတရားသဖြင့် တမင်တကာ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် မသမာတဲ့ သဘောထားနဲ့ ဆုံးဖြတ်ခြင်း မဟုတ်ဘူးဆိုရင် ဒိုင်လူကြီးတွေရဲ့ ကွင်းတွင်းဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်လေ့ မရှိပါဘူး။

CAS က "အလွန်အမင်းတင်းမာနေတဲ့ အခြေအနေတစ်ခုကြားမှ ဒိုင်လူကြီးက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတယ်ဆိုတာကို ခုံသမာဓိအဖွဲ့က အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေက ဒီဆုံးဖြတ်ချက်ကို 'ရည်ရွယ်ချက်ရှိရှိ မတော်မတရား လုပ်ဆောင်မှု' လို့ သတ်မှတ်ဖို့အတွက် အကြောင်းပြချက် မလုံလောက်ပါဘူး" လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၃ ဦးပါ ခုံသမာဓိအဖွဲ့က တညီတညွတ်တည်း ချမှတ်ခဲ့ပါတယ်။

မော်ရိုကိုတော်ဝင်ဘောလုံးအဖွဲ့ချုပ်(FRMF)ကတော့ ဒီစီရင်ချက်ကို ကန့်ကွက်ဖို့အတွက် "လိုအပ်တဲ့ ဥပဒေကြောင်းဆိုင်ရာ နည်းလမ်းအားလုံးကို ရှာဖွေသွားမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းပေးဖို့ သူတို့ရဲ့တောင်းဆိုမှုကို ပယ်ချခဲ့ခြင်းအပေါ် ကန့်ကွက်တယ်လို့ FRMF က ပြောဆိုခဲ့သလို အမှုတစ်ခုရဲ့အကြောင်းအရာထက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်တွေကိုသာ စီရင်ဆုံးဖြတ်ပေးလေ့ရှိတဲ့ ဆွစ်ဇာလန်ဖက်ဒရယ်တရားလွှတ်တော်ချုပ်ဆီ ဒီအမှုကို တင်သွင်းသွားနိုင်တယ်လို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ထုတ်ပြန်ချက်တစ်ခုမှာတော့ ဆုံးဖြတ်ချက်မကြေညာမီ ၄၈ နာရီအလိုမှာ CAS ခုံသမာဓိအဖွဲ့ဝင် သုံးဦးအနက် တစ်ဦးဖြစ်တဲ့ ဂျာမန်လူမျိုးခုံသမာဓိလူကြီး အူရစ်ချ်ဟတ်စ်နဲ့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့အကြား အဆက်အသွယ်ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း FRMF က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒီဗိုလ်လုပွဲကို ဇန်နဝါရီ ၁၈ ရက်၊ မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့ရှိ မူလေးအဗ္ဗဒူလာအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ နာကျင်အချိန်ပိုအဆုံးသတ်ခါနီး ဂိုးမရှိသရေကျနေချိန် ကွန်ဂိုလူမျိုး ဒိုင်လူကြီးက VAR ပြန်လည်စစ်ဆေးမှုအပြီး မော်ရိုကိုအတွက် ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ နည်းပြသီအော ဦးဆောင်တဲ့ ဆီနီဂေါကစားသမားတွေ ၁၅ မိနစ်ကြာ ကွင်းပြင်ပထွက်ခွာပြီး ဆန္ဒပြခဲ့ကြသလို ပရိသတ်တွေလည်း ကွင်းတွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ပွဲစဉ်ပြန်လည်စတင်ချိန်မှာတော့ ဘရာဟင်ဒီယက်ဇ်ရဲ့ပင်နယ်တီကန်သွင်းချက်ကို ဆီနီဂေါ ဂိုးသမားမန်ဒီ ကာကွယ်သွားခဲ့ပါတယ်။ အဲဒီနောက် အချိန်ပိုမှာ ပါပေးဂူယီက ဆီနီဂေါအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အစောပိုင်းမှာ CAF ရဲ့စည်းကမ်းထိန်းသိမ်းရေးဘုတ်အဖွဲ့က စုစုပေါင်းဒဏ်ငွေ ဒေါ်လာတစ်သန်းကျော်နဲ့အတူ ဆီနီဂေါကစားသမားတွေနဲ့ တာဝန်ရှိသူတွေအပြင် မော်ရိုကိုကစားသမားတွေနဲ့ တာဝန်ရှိသူတွေကိုပါ ဒဏ်ငွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ်ရလဒ်ကိုတော့ အပြောင်းအလဲမရှိစေဘဲ အတည်ပြုခဲ့ပါတယ်။

ဒါကို မော်ရိုကိုက အယူခံဝင်ခဲ့ပါတယ်။ မတ်လမှာတော့ CAF အယူခံဘုတ်အဖွဲ့က ဆီနီဂေါရဲ့လုပ်ရပ်တွေကို ပြိုင်ပွဲစည်းမျဉ်း ပုဒ်မ ၈၂၊ ပုဒ်မ ၈၄ တို့နဲ့ ညှိစွန်းတယ်လို့ ဆုံးဖြတ်ပြီး ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်း အရှုံးပေးခဲ့တယ်လို့ ကြေညာကာ မော်ရိုကိုအတွက် ၁၉၇၆ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအာဖရိကချန်ပီယံဆုကို ပေးအပ်ခဲ့ပါတယ်။

CAF အယူခံဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က မတ် ၂၅ ရက်မှာ CAS ဆီ အယူခံတင်သွင်းခဲ့ပါတယ်။ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ရဲ့ လျှောက်လဲချက်မှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို "ကွင်းတွင်းယှဉ်ပြိုင်ကစားမှုဆိုင်ရာ စည်းမျဉ်း"အရ အကာအကွယ်မပေးသင့်ကြောင်း၊ ပြိုင်ဘက်ဆီနီဂေါအသင်း ပုဒ်မ ၈၂ ၊ ပုဒ်မ ၈၄ တို့ကို ချိုးဖောက်ခဲ့ကြောင်းနဲ့ ဒိုင်လူကြီးကိုယ်တိုင် ပွဲစဉ်ကို စောစောစီးစီး အဆုံးသတ်ခဲ့သင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

ခုံသမာဓိအဖွဲ့က ဒီလျှောက်လဲချက်တွေကို ပယ်ချခဲ့ပါတယ်။ ဒီပုဒ်မနှစ်ခုအရ အသင်းတစ်ခုရဲ့လုပ်ရပ်ကြောင့် ဒိုင်လူကြီးကိုယ်တိုင် ပွဲစဉ်ကို လုံး၀ရပ်တန့်စွန့်လွှတ်လိုက်ရတဲ့ အခြေအနေမျိုးသာ အကျုံးဝင်လို့ ဒီအမှုနဲ့ မသက်ဆိုင်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ဒီကြားနာပွဲကိုတော့ အောက်တိုဘာ ၈ ရက်၊ ဆွစ်ဇာလန်နိုင်ငံမှာ တံခါးပိတ် ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် CAS က သီးခြားစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေအရ CAF ရဲ့ပြစ်ဒဏ်ကို ဆီနီဂေါဘောလုံးအဖွဲ့ချုပ်၊ နည်းပြသီအောနဲ့ ကစားသမားအချို့ ခံယူခဲ့ပြီးဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။