မန်စီးတီးအကျပ်ရိုက်နေချိန် ဟာလန်းအတွက် မယုံကြည်နိုင်စရာကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်လာတဲ့ ရီးရဲလ်မက်ဒရစ်
မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက ဟာလန်းရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။
Football Insider ရဲ့နောက်ဆုံးဖော်ပြချက်အရ လာလီဂါထိပ်သီးကလပ်အသင်းက ဟာလန်းအပေါ် ကာလရှည်ကြာစိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ အာဆင်နယ်ရဲ့စိတ်ဝင်စားမှုလည်း ရှိထားပေမဲ့ ဒီတိုက်စစ်မှူးကိုယ်တိုင်ကတော့ နောက်ထပ်အင်္ဂလန်ကလပ်အသင်းတစ်ခုဆီ ပြောင်းရွှေ့ဖို့ လက်ခံပါ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သီးခြားလွတ်လပ်တဲ့ ခုံသမာဓိအဖွဲ့တစ်ခုက မန်စီးတီးအသင်းအပေါ် ပရီးမီးယားလိဂ်မှ စွဲဆိုထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းပေါက်ကြားလာပြီးနောက် ကလပ်အသင်းဘက်ကလည်း ဥပဒေကြောင်းအရ အယူခံဝင်ဖို့ စီစဉ်နေပါတယ်။
ဟာလန်းကတော့ မန်စီးတီးအသင်းနဲ့အတူ ၂၀၃၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိထားပေမဲ့ လတ်တလောမှာ သူ့ရဲ့အနာဂတ် မရေမရာဖြစ်လာခဲ့ပြီး အီတီဟတ်ကွင်းမှ သူ့ကိုခေါ်ထုတ်ဖို့ဆိုရင် အနည်းဆုံးပေါင်သန်း ၁၅၀ ကျော်တန်ကြေးရှိတဲ့ အပြောင်းအရွှေ့ကမ်းလှမ်းမှုမျိုး လိုအပ်လာနိုင်ပါတယ်။
နော်ဝေကြယ်ပွင့်ရဲ့စာချုပ်ထဲမှာ တန်းဆင်းစာချုပ်လျော်ကြေး(relegation clause) မပါဝင်လို့ ရီးရဲလ်မက်ဒရစ်က အသက် ၂၆ နှစ်အရွယ်ကစားသမားအတွက် မန်စီးတီးသတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း ပေးချေသွားရပါလိမ့်မယ်။