ဒဏ်ရာပြဿနာအနည်းငယ်ကြောင့် ဆွီဒင်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားတဲ့ လီဗာပူးကြယ်ပွင့်အီဆက်
လီဗာပူတိုက်စစ်မှူးအီဆက်က ဒဏ်ရာအနည်းငယ်ရရှိသွားပြီးနောက် ဆွီဒင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရပြီးနောက် အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ငါးပွဲမှာတင် လီဗာပူးအတွက် လေးဂိုးအထိ သွင်းယူထားနိုင်လို့ အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် အလွန်ကောင်းမွန်တဲ့ ရာသီအစတစ်ခု ဖြစ်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်၊ အစ်ဆွစ်တောင်း၊ ဘုန်းမောက်တို့နဲ့ပွဲစဉ်တွေမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးတွေက အမှတ်ပေးဇယားဆဋ္ဌမနေရာမှာရပ်တည်နေတဲ့ လီဗာပူးအတွက် အထူးအရေးပါခဲ့ပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့မနက်ပိုင်းမှာတော့ ဆွီဒင်အသင်းလူစာရင်းမှ အီဆက် နုတ်ထွက်လာတယ်ဆိုတဲ့ ကလပ်အသင်းရဲ့ထုတ်ပြန်ချက်နဲ့အတူ စိုးရိမ်စရာ သတင်းစကားတစ်ခု ဖြစ်လာခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ထုတ်ပြန်ချက်မှာ " အီဆက်က ဒဏ်ရာအနည်းငယ်ကြောင့် လက်ရွေးစင်အသင်းမှ မာဆေးဆိုဒ်ဆီ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ ဒီတိုက်စစ်မှူးက လက်ရှိနိုင်ငံတကာသီတင်းပတ်အတွင်း ဆွီဒင်အသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို ပါဝင်နိုင်ဖို့မရှိဘဲ AXA လေ့ကျင့်ရေးစင်တာမှာ ကလပ်အသင်းဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့စစ်ဆေးမှုကို ခံယူသွားပါလိမ့်မယ်" လို့ ဖော်ပြထားပါတယ်။
အီဆက်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခြေသလုံးရိုး/ခြေကျင်းဝတ်ကျိုးခြင်း၊ ပေါင်ခြံကြွက်သားဒဏ်ရာနှင့် ပေါင်ကြွက်သားပြဿနာများ ကြုံတွေ့ခဲ့ရလို့ လိဂ်ပွဲစဉ် ၁၄ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၂၂ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။
နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးက အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီးနဲ့ ရင်ဆိုင်ရဖို့ရှိနေလို့ အီဆက် အချိန်မီပါဝင်လာနိုင်မယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။ ရိုမေးနီးယားနဲ့ရင်ဆိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွင်း ဂိုးသွင်းယူပြီးနောက် ခြေချောင်းနင်းခြေခံလိုက်ရမှုကို အီဆက်က ဖွင့်ဟပြောကြားခဲ့ပါတယ်။
သူက "ဒါကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ အတော်လေး ပြင်းပြင်းထန်ထန် နင်းမိသွားခဲ့တာပါ။ ဘောလုံးကစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်၊ နာကျင်မှု သက်သာသွားဖို့ မိနစ်အနည်းငယ်ကြာတတ်ပေမဲ့ အဆင်ပြေခဲ့ပါတယ်" လို့ ဆိုပါတယ်။