The network connection is lost.

Banner Image

ဒူးအရွတ်ဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားတဲ့ အမ်ဘာပေ

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အမ်ဘာပေမှာ ဒူးအရွတ်ဒဏ်ရာရရှိသွားတယ်လို့ အတည်ပြုလိုက်ပါတယ်။ အခုတော့ ကစားသမားက ဆေးကုသမှုခံယူဖို့အတွက် မက်ဒရစ်မြို့ဆီ ပြန်သွားပါတော့မယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက သောကြာညပိုင်း၊ တူရကီနဲ့ရင်ဆိုင်ရတဲ့ နေးရှင်းလိဂ်အဝေးကွင်းပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကိုဆာအီလီကွင်းရဲ့ ဆိုးရွားတဲ့မြက်ခင်းပြင်အခြေအနေကြောင့် ဘာပေက သူ့ရဲ့ လက်ရွေးစင်အဆင့် ၆၇ ကြိမ်မြောက် သွင်းဂိုးကို ကန်သွင်းချိန် ဘယ်ဘက်ဒူးဟန်ချက်ပျက်ကာ လဲကျသွားပါတယ်။ ဘာပေက ဂိုးသွင်းပြီးချိန်မှာပဲ တစ်ခုခုမှားယွင်းနေပြီဆိုတာ သိလိုက်ရပြီး အောင်ပွဲခံဖို့အတွက် ခြေထော့နင်းနဲ့ လမ်းလျှောက်ခဲ့ပါတယ်။ သူဆက်ကစားဖို့ ကြိုးစားပေမဲ့ နာကျင်မှုကြောင့် ကွင်းတွင်းမှာ လဲကျသွားပြီး သူ့နေရာမှာ ဒူအီကို လူစားထိုးလဲလှယ်ခဲ့ပါတယ်။

နိုင်ပွဲအပြီး TF1 နဲ့ အင်တာဗျူးမှာ နည်းပြဇီဒန်းက အသင်းရဲ့လက်ကျန်ပွဲစဉ်တွေမှာ အမ်ဘာပေ မပါဝင်ကစားနိုင်ခြင်းမရှိတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ပြင်သစ်အသင်းက လာမယ့်တနင်္လာနေ့မှာ ဘယ်လ်ဂျီယံနဲ့ အဝေးကွင်းပွဲစဉ်အပြင် အောက်တိုဘာလဆန်းပိုင်းမှာလည်း အီတလီ၊ ဘယ်လ်ဂျီယံ(အိမ်ကွင်း)ပွဲစဉ်တို့ကို ကစားရဖို့ရှိနေပါတယ်။

ဇီဒန်းကတော့ ဆေးစစ်ချက်တွေ ထပ်မံပြုလုပ်ဖို့ ရှိနေလို့ ဘာပေရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၉၈ ရွှေဘောလုံးဆုရှင် ဇီဒန်းက ပြင်သစ်အသင်းခေါင်းဆောင်ရဲ့ဒဏ်ရာ ပြင်းထန်နိုင်တယ်ဆိုတဲ့ အရိပ်အယောင်တွေကို ပြောပြခဲ့ပါတယ်။ "သူ အဆင်မပြေဘူးဗျ။ ကံမကောင်းစွာနဲ့ဘဲ အခြေအနေ သိပ်မကောင်းလှဘူး။ သူ အိမ်ပြန်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ဒဏ်ရာနဲ့ပတ်သက်ပြီး စွန့်စားမှုတွေ မလုပ်ချင်ဘူး။ သူ ဂိုးကန်သွင်းချိန်မှာ ဒူးက အရှိန်လွန်သွားခဲ့တာပါ။ သူ ဆက်ကစားဖို့အတွက်တော့ တကယ့်ကို အားတက်စရာ အခြေအနေ မဟုတ်ပါဘူး" လို့ ဇီဒန်းက ဆိုပါတယ်။

အခုလို ရှည်လျားတဲ့ နိုင်ငံတကာသီတင်းပတ်အတွင်း ပြင်သစ်အသင်းရဲ့ရှေ့လာမယ့်ပွဲစဉ်သုံးခုအတွက် ဘာပေရဲ့နေရာမှာ အစားထိုးကစားသမားတစ်ဦးဦးကို ဇီဒန်း ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။