The network connection is lost.

Banner Image

စွဲချက်တွေနဲ့ မန်စီးတီးအသင်း ရင်ဆိုင်နေရချိန် ဟာလန်းကို ဘာစီလိုနာဆီပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်တဲ့ မန်ဒီယေတာ

စပိန်နဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်းမန်ဒီယေတာက မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ မန်စီးတီးမှာ အပြစ်ရှိတယ်လို့ တွေ့ရှိရပြီးနောက် ဟာလန်းကိုယ်တိုင်လည်း နော်ဝေလက်ရွေးစင်အသင်းရဲ့မီဒီယာတွေ့ဆုံမှုတာဝန်မှ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ မန်စီးတီးက တန်းဆင်းရနိုင်သလို ဆုဖလားတွေလည်း ပြန်လည်ရုပ်သိမ်းခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မန်စီးတီးနဲ့စပ်လျဉ်းလို့ ပရီးမီးယားလိဂ်မှ စွဲချက်တင်ထားတဲ့ ၁၁၅ မှုအနက် တစ်မှုမှလွဲလို့ ကျန်အမှုအားလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ သောကြာနေ့မှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုသတင်းတွေက ကလပ်အသင်းကို အတော်လေးထိခိုက်စေနိုင်ပြီး အသင်းသာ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်ဆိုရင် ကစားသမားတွေလည်း အသင်းမှထွက်ခွာဖို့ ကြိုးစားလာနိုင်ပါတယ်။

မန်စီးတီးအသင်းက အမှတ်လျှော့ပြစ်ဒဏ်မှစလို့ ပရီးမီးယားလိဂ်မှ လုံး၀ထုတ်ပယ်ခံရတဲ့ပြစ်ဒဏ်အထိ ရင်ဆိုင်ရနိုင်ခြေရှိလို့ ဟာလန်းလိုကစားသမားတွေက အချိန်မနှောင်းခင် အသင်းမှထွက်ခွာဖို့ ဆန္ဒရှိလာနိုင်ပါတယ်။

Casinolyze နဲ့တွေ့ဆုံချိန် မန်ဒီယေတာက ဟာလန်းရဲ့အနာဂတ်အကြောင်းနဲ့ ဘာကြောင့် စပိန်ထိပ်သီးကလပ်ဘာစီလိုနာနဲ့ နော်ဝေကြယ်ပွင့်တို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သုံးသပ်ပြောဆိုလိုက်ပါတယ်။

"ဟာလန်းရဲ့အနာဂတ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မန်စီးတီးမှာ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ၊ အောင်မြင်မှုတွေ ဆက်ရပါ့မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဟာလန်းလိုကစားသမားမျိုးက ဆုဖလားတွေ ရချင်တာပါ။ တကယ်လို့ သူ အသင်းပြောင်းဖြစ်မယ်ဆိုရင် ပြောင်းရွှေ့ကြေး အတော်လေးမြင့်မားနိုင်ပြီး သန်း ၁၀၀ အောက်တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီနည်းလမ်းပဲ ရှိပါတယ်"

"ဘယ်အသင်းဆီ သူရောက်သွားနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ မက်ဒရစ်ရော၊ ဘာစီလိုနာကိုပါ ကျွန်တော် မြင်ယောင်ကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့ကစားဟန်က သူ့အတွက် ပိုကောင်းသလို အသင်းအတွက်လည်း ပိုအဆင်ပြေမယ်လို့ ခံစားရတယ်။ သူ့ရဲ့ပြေးထွက်ပုံတွေနဲ့ ဂိုးဧရိယာအတွင်း ကြံ့ခိုင်မှုတွေက ဟန်ဆီဖလစ်ရဲ့ကစားကွက်နဲ့ အတော်လေးကို လိုက်ဖက်ပါတယ်"

"ဒါက ရှေ့ရေးအတွက် ပြောနေတာဖြစ်ပေမဲ့ ဒီရာသီ ဒါမှမဟုတ် နောက်ထပ်နှစ်အနည်းငယ်အတွင်း မန်စီးတီးမှာ အဆင်မပြေဖြစ်လာရင် အသက်အရွယ်ငယ်သေးပြီး ရည်မှန်းချက်ကြီးမားသူဆိုတော့ ဆုဖလားတွေ မရနိုင်တဲ့အသင်းမှာ သူ ဆက်နေချင်မယ်လို့ မထင်ပါဘူး" လို့ မန်ဒီယေတာက ဆိုပါတယ်။

လက်ရှိမှာ ဟာလန်းက လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ နော်ဝေအသင်းနဲ့အတူ ရှိနေပြီး ကလပ်အသင်းပွဲစဉ်တွေ ပြန်မစခင်အထိ သူ့ရဲ့အနာဂတ်ကို စဉ်းစားဖို့ အချိန်အများကြီး ရရှိထားပါတယ်။