စပိန်အသင်းရဲ့ကမ္ဘာ့ဖလားအောင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ပြီးနောက် အဆိုးရွားဆုံးနွေရာသီကာလလို့ ဖာမင်လိုပက်ဇ်ဖွင့်ဟ
ဘာစီလိုနာကွင်းလယ်လူဖာမင်လိုပက်ဇ်က စပိန်အသင်းရဲ့ကမ္ဘာ့ဖလားအောင်ပွဲမှာ ဒဏ်ရာပြဿနာနဲ့အတူ ကိုယ်တိုင်မပါဝင်နိုင်ခဲ့ခြင်းအတွက် အခုနွေရာသီကို သူ့ဘ၀ရဲ့အဆိုးရွားဆုံးကာလအဖြစ် သတ်မှတ်လိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲကစား၊ ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
သူက အခုနွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအတွက် အရေးပါသူတစ်ဦး ဖြစ်လာဖို့ ရှိခဲ့ပေမဲ့ ခြေသလုံးရိုးအက်ဒဏ်ရာကြောင့် သူ့ရဲ့အိပ်မက်တွေ ပျက်စီးသွားခဲ့ပါတယ်။
Catalunya Radio နဲ့ အင်တာဗျူးမှာ လိုပက်ဇ်က အခုနွေရာသီကို သူ့အတွက်တော့ "သေချာပေါက် အဆိုးရွားဆုံး နွေရာသီ" ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
"ဒါ သေချာပေါက် အဆိုးရွားဆုံးနွေရာသီပါပဲ။ အရာအားလုံး အဆင်ပြေနေခဲ့ပြီး ကျွန်တော့်ရဲ့ ခြေစွမ်းလည်း အထွဋ်အထိပ် ရောက်နေချိန်မှာမှ ဒဏ်ရာပြဿနာ ရောက်လာတာပါ" လို့ သူက ဆိုပါတယ်။
"အစပိုင်းမှာတော့ စပိန်အသင်းရဲ့ပွဲစဉ်တွေကို ကျွန်တော် မကြည့်နိုင်ခဲ့ဘူး။ ကိုယ်တိုင်လည်း အကောင်းဆုံးပုံစံမှာရှိနေတော့ အဲဒီမှာ ရှိနေချင်တယ်၊ ကစားချင်တယ်ဆိုတဲ့ စိတ်ကြောင့် အတော်လေး ခက်ခဲခဲ့ပါတယ်"
"ဒါပေမဲ့ အသင်းဗိုလ်စွဲသွားတယ်ဆိုတာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါက ကျွန်တော့်နိုင်ငံဖြစ်သလို အဲဒီမှာရှိနေတဲ့သူတွေကလည်း ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ အထူးသဖြင့် ဘာစီလိုနာကစားသမားတွေ ဖြစ်နေလို့ပါပဲ" လို့ သူက ဆက်ပြောပါတယ်။
"ဒီဖြစ်ရပ်မှတဆင့် ကျွန်တော်ကိုယ်တိုင်လည်း သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုအခက်အခဲကြုံလိုက်ရတာက ကျွန်တော့်ကို တော်တော်လေး ထိခိုက်စေခဲ့တယ်ဆိုတာတော့ ဝန်ခံရပါမယ်"
"အခု ရည်မှန်းချက်ကတော့ ဒီဒဏ်ရာမှ စိတ်အားထက်သန်မှုအပြည့်နဲ့ ပြန်လာဖို့ပါပဲ၊ ကျွန်တော် အဆင်သင့်ဖြစ်နေပြီလို့လည်း ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာနဲ့ အသင်းအတွက် ဘာတွေ ပေးစွမ်းနိုင်လဲဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ အခုရာသီမှာလည်း ကျွန်တော့်ရဲ့ခြေစွမ်းကို ဆက်ထိန်းသိမ်းသွားဖို့ရှိသလို ပိုပြီးတော့ တိုးတက်အောင်လည်း ကြိုးစားသွားပါမယ်" လို့ ဖာမင်လိုပက်ဇ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။