The network connection is lost.

Banner Image

လီဗာပူးနည်းပြသစ်အီရာအိုလာအတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်နေတဲ့ ကာကက်ဇ်

လီဗာပူးနောက်ခံလူကာကက်ဇ်က ရာသီသစ်မတိုင်ခင် နည်းပြသစ်အဖြစ် အီရာအိုလာကို ခန့်အပ်လိုက်မှုနဲ့ပတ်သက်လို့ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အခုနွေရာသီမှာ အန်းစလော့ရဲ့နေရာကို အစားဝင်လာတဲ့ အီရာအိုလာကြောင့် လီဗာပူးပရိသတ်တွေက နည်းပြဟောင်းယာဂန်ကလော့ပ်လက်ထက်ပုံစံအတိုင်း ပြင်းထန်တဲ့ ဖိအားပေးကစားပုံတွေနဲ့ တန်ပြန်ဖိအားပေးကစားဟန်တွေကို မြင်တွေ့ရတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ 

အီရာအိုလာကတော့ ကစားသမားတိုင်းဆီမှ အလုပ်ကြိုးစားမှုကို အပြည့်အဝ တောင်းဆိုလေ့ရှိပါတယ်။ သူ့ရဲ့ကစားဟန်ကို "စနစ်ကျတဲ့ ရှုပ်ထွေးမှု" (organised chaos) လို့ ခေါ်လေ့ရှိပြီး ဘုန်းမောက်ကိုကိုင်တွယ်ချိန်မှာလည်း အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ရပ်တည်မှုအမြင့်ဆုံးအဖြစ် ဆဋ္ဌမနေရာနဲ့အတူ ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရာသီကြိုပထမဆုံးခြေစမ်းပွဲစဉ်မှာ လီဗာပူးက ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ကစားသမားတွေအကြား ယုံကြည်မှု တိုးပွားနေပါတယ်။ ကာကက်ဇ်ကလည်း ဘုန်းမောက်မှာလက်တွဲခဲ့ဖူးတဲ့ စပိန်လူမျိုးနည်းပြနဲ့ ပြန်ဆုံရလို့ အလွန်ဝမ်းမြောက်နေပါတယ်။

"တကယ်ပြောရရင် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ သူနဲ့အတူဖြတ်သန်းခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကျွန်တော့်ကို အများကြီးတိုးတက်အောင် ကူညီပေးခဲ့ပါတယ်။ ကိုယ့်အတွက်ရော၊ အသင်းအတွက်ပါ တကယ်ပျော်ပါတယ်။ လူတိုင်း သူ့ရဲ့ကစားဟန်ကို သိနေကြလို့ ကျွန်တော်တို့အတွက်တော့ သူက အသင့်တော်ဆုံးလူပါပဲ" လို့ ကာကက်ဇ်က ဆိုပါတယ်။

"အဓိကကတော့ အရှိန်အဟုန် (intensity) ပါပဲ။ သူက ကွင်းထဲမှာ တစ်ဦးချင်းရင်ဆိုင်ကစားဖို့၊ အမြင့်ဆုံးအဆင့် ဖိအားပေးဖို့နဲ့ အမြဲတမ််းတိုက်စစ်ဆင်နေဖို့ကို ဘယ်တော့မှ မကြောက်ပါဘူး။ လေ့ကျင့်ခန်းဆင်းပြီးချိန်တိုင်း ကျွန်တော်တို့အားလုံး ကွင်းထဲမှာ ပစ်လှဲနေကြတာကို ကြည့်ရင် သူ ကျွန်တော်တို့ကို ဘယ်လို ပြင်ဆင်ပေးနေလဲဆိုတာ သိနိုင်ပါတယ်" လို့ ကာကက်ဇ်က ရှင်းပြပါတယ်။

"သူခိုင်းတဲ့အလုပ်တွေကို လုပ်နိုင်ဖို့ဆိုရင်တော့ ခြေကုန်လက်ပန်းမကျဘဲ အမောခံနိုင်ဖို့ သေချာပေါက်လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင်ပြေသွားပါလိမ့်မယ်။ အသင်းသုံးလေးခုခွဲပြီးကစားချိန်တိုင်း ရှုံးတဲ့အသင်းကစားသမားတွေ အပြေးလေ့ကျင့်ရမယ်လို့ သူကိုယ်တိုင် စည်းကမ်းသတ်မှတ်ထားပါတယ်။ ဘယ်လောက်ပြေးရမလဲဆိုတာကတော့ နည်းပြရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်၊ ဒါပေမဲ့ ရှုံးတဲ့အသင်းကတော့ အမြဲပြေးရတာပါပဲ" လို့လည်း ကာကက်ဇ်က ဆိုပါတယ်။

"အီရာအိုလာက အလုပ်အပေါ် တကယ်အလေးအနက်ပြီး အသေးစိတ်မှအစ ဂရုစိုက်ပါတယ်။ တကယ်ကိုပရော်ဖက်ရှင်နယ်ဆန်တဲ့သူပါ။ စကားတော့ ပြောလေ့ရှိပေမဲ့ အများကြီး မပြောဘူး။ ကစားသမားတွေနဲ့ အရမ်းကြီးရင်းနှီးအောင်မနေဘဲ လူတိုင်းကို တန်းတူဆက်ဆံတယ်ဆိုတာမျိုး ပြချင်ပုံရပါတယ်။ အလုပ်နဲ့ပတ်သက်ရင်တော့ တကယ့်ကို အလေးအနက်ထားပါတယ်" လို့ ကာကက်ဇ်က ပြောပါတယ်။

ကာကက်ဇ်နဲ့ လီဗာပူးအသင်းအတွက် နောက်ထပ်စမ်းသပ်မှုကတော့ ကြာသပတေးနေ့၊ နယူးယောက်မြို့ရှိ Yankee Stadium မှာ ဝရက်ဇ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမယ့် ရာသီကြိုခြေစမ်းပွဲစဉ် ဖြစ်ပါတယ်။ ဒါက အီရာအိုလာအတွက် သူ့ရဲ့နည်းဗျူဟာတွေကို ထပ်မံပြသခွင့်ရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။