ဒီယက်ဇ်ကိုခေါ်ယူဖို့ အယ်လ်ဟီလယ် စိတ်ဝင်စားနေတယ်လို့ အသေးစိတ်အချက်အလက်တွေနဲ့အတူ L'Équipe အတည်ပြု
ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားလူးဝစ်ဒီယက်ဇ်ကို အခုနွေရာသီစျေးကွက်မှာ ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်း အကြီးအကျယ် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းထောက် ဆာချာတာဗိုလိုင်ယာရီရဲ့ ဖော်ပြချက်ကို L'Équipe သတင်းဌာနအကြီးအကဲ ဂျိုးဘာရိုဆိုက ထပ်မံအတည်ပြုလိုက်ပါတယ်။ ဒီယက်ဇ်ကိုယ်တိုင်လည်း အသင်းပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
နောက်ဆုံးသတင်းတွေအရ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်က ဒီယက်ဇ်အတွက် အနည်းဆုံးယူရိုသန်း ၇၀ တန်ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့နှစ်၊ နွေရာသီကာလအတွင်း အခုစျေးနှုန်းမျိုးနဲ့ပဲ ဒီယက်ဇ်ကို လီဗာပူးမှ ခေါ်ယူခဲ့ပါတယ်။
ဒီယက်ဇ်ရဲ့ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးဖို့ လမ်းဖွင့်ထားပေမဲ့ ဘိုင်ယန်မြူးနစ်ကတော့ ကစားသမားကို အသင်းဆီခေါ်ယူပြီး တစ်ရာသီအကြာမှာတင် ပြန်ရောင်းထုတ်ဖို့လုံး၀စိတ်မကူးထားဘူးလို့ ရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။ ကိုလံဘီယာကြယ်ပွင့်က ဘိုင်ယန်မြူးနစ်နဲ့ လေးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုထားပါတယ်။
အသက် ၂၉ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၅၁ ပွဲ ပါဝင်ကစားကာ ၂၆ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ သူက အလိုင်းယန့်ဇ်အရီနာကွင်းမှာ အိုလီစီ၊ ဟယ်ရီကိန်းတို့နဲ့အတူ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်စုဖွဲ့မှုတစ်ခုကို ပုံဖော်ပေးထားနိုင်ပါတယ်။