မာတေးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ အပြိုင်ကြိုးပမ်းလာတဲ့ တော့တင်ဟမ်
ဝက်စ်ဟမ်းကွင်းလယ်လူ မာတေးယပ်စ် ဖာနန်ဒက်စ်ကို ယူနိုက်တက်ထက် အသာစီးရယူပြီး လက်ဦးမှုယူ ခေါ်ယူနိုင်ဖို့ တော့တင်ဟမ်အသင်းက ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီးနောက်မှာတော့ အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ယူဆရပြီး ကလပ်အသင်းတော်တော်များများကလည်း သူ့ကို စိတ်ဝင်စားနေကြပါတယ်။
မန်ယူအသင်းက သူ့ကိုခေါ်ယူဖို့ အလားအလာအရှိဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပေမဲ့ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေကလည်း ဒီပေါ်တူဂီလက်ရွေးစင် လူငယ်ကစားသမားလေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
The Athletic ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်အသင်းဟာ နည်းပြ ရောဘတ်တို ဒီဇာဘီရဲ့ အသင်းကို အသစ်ပြန်လည် တည်ဆောက်မယ့် အစီအစဉ်မှာ ဖာနန်ဒက်စ်ကိုပါ ထည့်သွင်းဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ နည်းပြ ဒီဇာဘီကိုယ်တိုင်က ဒီအပြောင်းအရွှေ့ ဖြစ်မြောက်အောင် တွန်းအားပေးနေတာဖြစ်ပြီး ဝက်စ်ဟမ်းဘက်ကတော့ ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် တော့တင်ဟမ်ဟာ နယူးကာဆယ်ကွင်းလယ်လူ ဆန်ဒရို တိုနာလီကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ မန်စီးတီးကပါ စိတ်ဝင်စားနေတာကြောင့် ဒီအပြောင်းအရွှေ့ကတော့ အနည်းငယ် ခက်ခဲသွားနိုင်ဖွယ် ရှိနေပါတယ်။