အက်စတွန်ဗီလာကြယ်ပွင့်ကို ပြန်လည်ခေါ်ယူဖို့ အသင်းရဲ့ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ဖွယ်ရှိတဲ့ မန်စီးတီး
အခုလာမယ့်အပြောင်းအရွှေ့ကာလမှာ ရိုဂျာစ်က အင်္ဂလန်ရဲ့ တန်ဖိုးအရှိဆုံးနဲ့ စျေးပန်းအပွင့်ဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်လာပါတယ်။
ဖရိုင်းဘတ်နဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးပြီး အက်စတွန်ဗီလာကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဆုဖလားကြီးကို ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ ရိုဂျာစ်ကို ထိပ်တန်းကလပ်အသင်း အများအပြားက မျက်စိကျနေကြပါတယ်။
အသင်းအသုံးစရိတ်စည်းမျဉ်းတွေအရ အက်စတွန်ဗီလာအသင်းက ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကိုပဲ ကစားသမားတွေအတွက် အသုံးပြုခွင့်ရှိနေလို့ နည်းပြအမ်မရီအတွက် အသင်းရဲ့အဓိကကစားသမားတစ်ဦးကိုတော့ ရောင်းထုတ်ရမယ့် ဖိအားတွေ ရှိနေပါတယ်။
ကစားသမားတစ်ဦးကို ဈေးနှုန်းမြင့်မြင့်မားမားနဲ့ ရောင်းချလိုက်ခြင်းက စည်းမျဉ်းတွေနဲ့ ကိုက်ညီစေနိုင်ပြီး အက်စတွန်ဗီလာအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ရိုစ်ဂျာ ထွက်ခွာသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ကမ္ဘာ့ဖလားမတိုင်ခင်မှာပဲ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်က ကြိုးပမ်းလာသလို မန်စီးတီးကလည်း သူတို့ရဲ့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုသွားနိုင်တယ်လို့ TEAMtalk မှ ဖော်ပြခဲ့ပါတယ်။
ရိုဂျာစ်က ၂၀၁၉ ခုနှစ်မှာ ဝက်စ်ဘရွန်းမှ မန်စီးတီးလူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မစ်ဒယ်ဘရော့ဆီ ရောင်းထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ချန်ပီယံရှစ်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ ၂၀၂၄ ခုနှစ်မှာ ပေါင် ၁၆ သန်းဖြင့် အက်စတွန်ဗီလာဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
သူရဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ရိုဂျာစ်က အနာဂတ်အတွက် လမ်းဖွင့်ပေးထားပေမဲ့ ဗီလာအသင်းဘက်ကတော့ ၂၀၂၁ ခုနှစ်၊ ဂျက်ဂရီးလစ်ရှ်အတွက် ရရှိခဲ့တဲ့ ပေါင်သန်း ၁၀၀ ထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးမျိုး လိုချင်နေတယ်လို့ TEAMtalk က ဆိုပါတယ်။
ဂရီးလစ်ရှ်က မန်စီးတီးအတွက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး ရိုဂျာစ်ကို အီတီဟတ်ကွင်းဆီ ပြန်လည်ခေါ်ဆောင်ချင်တယ်ဆိုရင် အဲဒီစံချိန်ကို ထပ်မံချိုးရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိနေပြန်ပါတယ်။