The network connection is lost.

Banner Image

ဟယ်ရီကိန်းထက် အိုလီစီကိုပဲ ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာစေချင်တဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်ဂန္ထဝင်သောမတ်စ်မူလာက ဟယ်ရီကိန်းထက်စာရင် အသင်းရဲ့လက်ရှိကြယ်ပွင့်အိုလီစီကိုသာ ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာဖို့ ထောက်ခံပေးလိုက်ပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီတလျှောက်လုံး ဟယ်ရီကိန်း၊ အိုလီစီ၊ လူးဝစ်ဒီယက်ဇ်တိုက်စစ်အတွဲက ဂိုးပါဝင်ပတ်သက်မှုအကြိမ် ၁၇၀ အထိ ပြုလု်ပနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ဥရောပရဲ့တိုက်စစ်အကောင်းဆုံးအသင်းဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။
အထူးသဖြင့် ဟယ်ရီကိန်းနဲ့ အိုလီစီတို့က ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ ဒီနှစ်အတွက် ဘော်လွန်းဒီအော်ဆုကိုရရှိဖို့ ရေပန်းစားနေသူစာရင်းမှာ ပါဝင်နေကြပါတယ်။

SportBild နဲ့ ဆွေးနွေးခန်းမှာတော့ ဘိုင်ယန်မြးနစ်တိုက်စစ်မှူးဟောင်းမူလာက အိုလီစီကို ဒီဆုအတွက် ပြိုင်ဆိုင်မှုမှာ ဟယ်ရီကိန်းထက် ပိုပြီး အခွင့်အရေးအနည်းငယ်ရှိနေတယ်လို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။

"အဆုံးသတ်ဂိုးသွင်းနိုင်စွမ်းနဲ့ တိုက်စစ်ဆင်နိုင်တဲ့ အရည်အချင်းတွေကို ကြည့်မယ်ဆိုရင် ဟယ်ရီကိန်းက လက်ရှိကျွန်တော်မြင်တွေ့ဖူးသမျှ အကောင်းဆုံးတိုက်စစ်မှူးပါပဲ။ သူ့မှာ အရည်အသွေးမျိုးစုံရှိပေမဲ့ ပြိုင်ဘက်ကစားသမားလေးဦးလောက်ကို တစ်ဦးချင်းကျော်ဖြတ်နိုင်တဲ့ကစားသမားမျိုးတော့ မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။

"ဘော်လွန်းဒီအော်ဆုအကြောင်း ပြောရမယ်ဆိုရင် 'အနုပညာဆန်တဲ့ အချက်' တွေကို ထည့်သွင်းစဉ်းစားလေ့ရှိကြတယ်။ ယေဘုယျအားဖြင့်တော့ ဟယ်ရီကိန်းက အသင်းအတွက် ပိုအရေးပါသူလို့ ကျွန်တော်မြင်ပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးတဲ့အခါမှာတော့ ကကွက်တစ်ခုလို ငြိမ့်ညောင်းပြီး အနုပညာဆန်တဲ့၊ ပါရမီပါတဲ့ မှော်ဆန်တဲ့ အရည်အချင်းမျိုးရှိတဲ့ အိုလီစီလို ကစားသမားမျိုးတွေကို ပိုပြီးဦးစားပေးလေ့ရှိကြပါတယ်။ ဒါက သင်ယူလို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ အိုလီစီကတော့ အမြဲတမ်းလိုလို စွမ်းဆောင်ရည်ကောင်းတွေ ‌ပြသနိုင်ခဲ့ပါတယ်"လို့ မူလာက ပြောကြားခဲ့ပါတယ်။