လီဗာပူးမှထွက်ခွာရမှုကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ပရိသတ်တွေဆီ သတင်းစကားပါးလာတဲ့ ကိုနာတေး
လီဗာပူးပရိသတ်တွေအတွက် လူမှုကွန်ရက်မှတဆင့်ပေးပို့တဲ့ သတင်းစကားမှာ ကိုနာတေးက သေသေချာချာမနှုတ်ဆက်ခဲ့ရလို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အခုလအတွင်း စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် ၂၇ နှစ်အရွယ်ကိုနာတေးက အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာတော့မယ်ဆိုတာကိုလည်း လီဗာပူးအသင်းက အတည်ပြုခဲ့ပါတယ်။
ကိုနာတေးက ပြီးခဲ့တဲ့ရာသီကုန်၊ အာနိုးလ်ပြီးရင် လွန်ခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း အခုလိုပုံစံမျိုးနဲ့ပဲ အသင်းမှထွက်ခွာသွားရတဲ့ လီဗာပူးရဲ့ဒုတိယမြောက်ပွဲထွက်နောက်ခံလူတစ်ဦး ဖြစ်လာပါတယ်။
အခုတော့ ဗဟိုနောက်ခံလူက သူ့ရဲ့အင်စတာဂရမ်မှတဆင့် ပရိသတ်တွေဆီ သေသေချာချာနှုတ်ဆက်ခွင့်မရရှိလို့ ဝမ်းနည်းမိတယ်လို့ ပြောကြားရင်း နှုတ်ဆက်စကားပါးလာခဲ့ပါတယ်။
"လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကျွန်တော်က ကြီးမားတဲ့အိပ်မက်တွေနဲ့အတူ လူငယ်ကစားသမားတစ်ဦးအဖြစ် ဒီကလပ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒီနေ့မှာတော့ တစ်သက်လုံးမေ့မရနိုင်မယ့် အမှတ်တရတွေနဲ့အတူ ကျွန်တော် ထွက်ခွာသွားတော့ပါမယ်" လို့ သူက ရေးသားခဲ့ပါတယ်။
"ဒီအသင်းကို ကိုယ်စားပြုခွင့်ရရှိခဲ့တယ်ဆိုတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာတစ်ခုပါပဲ။ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ ဆုဖလားတွေ၊ စိန်ခေါ်မှုတွေ၊ တစ်သက်တာသူငယ်ချင်းတွေနဲ့အတူ အံ့ဩစရာကောင်းတဲ့အခိုက်အတန့်တွေကို ကျွန်တော်တို့ အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတစ်ယောက်ဖြစ်တဲ့ ဒီယိုဂိုဂျိုတာကို ဆုံးရှုံးလိုက်ရတာထက် ပိုနာကျင်ရတဲ့ အခိုက်အတန့်တော့ မရှိပါဘူး။ အဲဒီဝမ်းနည်းစရာအချိန်တွေလည်း ကျွန်တော်တို့နဲ့အတူ အမြဲရှိနေပါလိမ့်မယ်"
"ဒီနှစ်ထဲမှာ ကျွန်တော့်ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အချက်က ကျွန်တော့်ဘဝရဲ့အခက်ခဲဆုံးအချိန်တွေအနက် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုခက်ခဲနေချိန်မှာတောင် ဒီအသင်းအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ သစ္စာရှိမှုက ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး။ အခက်ခဲဆုံးအချိန်တွေမှာတောင် ဒီအသင်းတံဆိပ်အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်တိုးတက်လာအောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့အသင်းဖော်တွေ၊ နည်းပြတွေ၊ အသင်းဝန်ထမ်းတွေနဲ့ နောက်ကွယ်မှကူညီပေးကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"
"ပြီးတော့ ပရိသတ်တွေကိုလည်း ပြောချင်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ခွန်အားတွေနဲ့ အံ့ဩစရာကောင်းတဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ အန်ဖီးလ်ကွင်းဆိုတာ တကယ်ကို ထူးခြားတဲ့နေရာတစ်ခုဖြစ်ပြီး ဒီလိုပရိသတ်တွေရှေ့မှောက် ကစားခွင့်ရရှိခဲ့မှုကို ကျွန်တော် ဘယ်တော့မှ ပေါ့ပေါ့တန်တန် မတွေးခဲ့ပါဘူး။ နောက်ဆုံးပွဲမှာ ပရိသတ်အားလုံးကို နှုတ်ဆက်စကား ပြောခွင့်မရခဲ့လို့ တကယ်ကို ဝမ်းနည်းမိပါတယ်။ အဲဒီအချိန်တုန်းက ဒီအသင်းအင်္ကျီကိုဝတ်ပြီး ဒီပရိသတ်တွေရှေ့မှောက် ကစားရတယ်ဆိုတာ နောက်ဆုံးအကြိမ်ဖြစ်မယ်ဆိုတာ ကျွန်တော် မသိထားခဲ့လို့ပါ"
"အရာအားလုံးအတွက် ကျွန်တော့်ရဲ့နှလုံးသားမှတဆင့် အထူးကျေးဇူးတင်ပါတယ်။ အားလုံးကို ချစ်ပါတယ်။ ဘယ်နေရာကိုပဲသွားသွား၊ လီဗာပူးကို ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းသိမ်းဆည်းထားပါမယ်။ အခုလို နှုတ်ဆက်ဖို့ဆိုတာ မလွယ်ကူပေမဲ့ ဒါက စိန်ခေါ်မှုအသစ်တွေနဲ့ ဘဝရဲ့အခန်းကဏ္ဍသစ်တစ်ခုကို စတင်သွားရမယ့် အချိန်ပါပဲ။ မကြာခင်ပြန်တွေ့ကြတာပေါ့၊ အလ္လာဟ်ရှင်မြတ် ကောင်းချီးပေးပါစေ" လို့ သူက ဆိုပါတယ်။