The network connection is lost.

Banner Image

နှစ်ဂိုးသွင်းယူခဲ့တဲ့ ကယ်လ်ဟာနိုဂလူကို ပီယာလိုကဲ့သို့ ကစားသမားမျိုးလို့ ချီးကျူးခဲ့တဲ့ ကိုမိုနည်းပြဖာဘရီဂတ်စ်

အင်တာမီလန်ကို ရှုံးနိမ့်ပြီး ကိုပါအီတလီယာဖလားဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရပြီးနောက် ကိုမိုနည်းပြဖာဘရီဂတ်စ်က ကယ်လ်ဟာနိုဂလူနဲ့ပတ်သက်လို့ သူရဲ့အထင်ကြီးလေးစားမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်မှာ ကိုမိုက နှစ်ဂိုးပြတ်ဦးဆောင်နေပြီးမှ ကယ်လ်ဟာနိုဂလူရဲ့ခြေစွမ်းပြမှုနဲ့အတူ အင်တာမီလန်တို့ ပြန်လာနိုင်ခဲ့ပြီး ၃-၂ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ကယ်လ်ဟာနိုဂလူကိုယ်တိုင်လည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး အင်တာမီလန်အတွက် နှစ်ဂိုးသွင်းယူပေးကာ အသင်းနဲ့အတူ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားပါတယ်။

ပွဲစဉ်အပြီး ဖာဘရီဂတ်စ်က "ကျွန်တော်ကိုယ်တိုင်လည်း အောင်မြင်မှုတွေ အများကြီး ရခဲ့ဖူးသလို ရှုံးနိမ့်မှုတွေလည်း အများကြီး ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ခရီးလမ်းတစ်ခုဆိုတာ ဘာလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ အခုပွဲစဉ်မှာ ကျွန်တော်တို့ အနိုင်ရခဲ့ရင်တောင် ဒီစကားကိုပဲ ပြောရပါလိမ့်မယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ စိတ်အေးအေးထားပြီး အသင်းကို တစ်ဆင့်ချင်း တည်ဆောက်သွားရပါမယ်။ ကယ်လ်ဟာနိုဂလူလို ကစားသမားမျိုးဆိုတာ အများကြီး မရှိပါဘူး၊ သူ့ရဲ့ကစားဟန်ကို ကျွန်တော် တကယ်သဘောကျပါတယ်။ အင်တာမီလန်နဲ့ကစားရချိန်တိုင်း ပထမဆုံးစိတ်ပူမိတာ ကယ်လ်ဟာနိုဂလူပါဝင်ကစားမလားဆိုတာပါပဲ"

"သူ့လိုထိပ်တန်းကစားသမားတွေက အမြဲတမ်းလိုလို အဖြေရှာနိုင်ကြပါတယ်။ ဘောလုံးလောကမှာ သူတို့လို ကစားသမားမျိုးတွေ သိပ်မရှိတာကြောင့် သူ့ကို ကျွန်တော် တကယ်နှစ်သက်မိတာပါ။ သူက ပီယာလို၊ မိုဒရစ်၊ တိုနီခရူးစ်တို့လို ကစားသမားမျိုးပါပဲ"

"သူ့ကို အခုလိုအဆင့်အတန်းမျိုးမှာ မြင်တွေ့ရတယ်ဆိုတာ တကယ်ကို အံ့ဩစရာကောင်းပါတယ်။ သူက ကွင်းထဲမှာ အရာအားလုံးကို ထိန်းချုပ်မောင်းနှင်ပြီး အသင်းတစ်ခုလုံး ကစားကွက်ဖော်နိုင်အောင် လုပ်ပေးနိုင်ပါတယ်" လို့ ဖာဘရီဂတ်စ်က ချီးကျူးစကား ပြောကြားခဲ့ပါတယ်။