The network connection is lost.

Banner Image

မူစီယာလာက အသင်းကို အဆင့်အတန်းသစ်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ဘိုင်ယန်နည်းပြ ကွန်ပနီ ပြောကြား

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖန်တီးရှင်ကစားသမား ဂျာမယ်မူစီယာလာဟာ ခြေထောက်ရိုးကျိုးဒဏ်ရာကြောင့် ဒီရာသီရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရပါတယ်။ ဇန်နဝါရီလမှာ ကွင်းအတွင်း ပြန်လည်ဝင်ရောက်ကစားနိုင်ချိန်ကစလို့ သက်ရောက်မှုတချို့ ရှိနေပြီဖြစ်ပေမဲ့ မကြာခင်မှာပဲ မူစီယာလာဟာ သူ့ရဲ့ကစားဟန်ကို အဆင့်အတန်းသစ်တစ်ခုဆီ မြှင့်တင်နိုင်လိမ့်မယ်လို့ နည်းပြ ဗင်းဆင့်ကွန်ပနီက ယုံကြည်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမား မူစီယာလာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပခဲ့တဲ့ ကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲမှာ ပါရီစိန့်ဂျာမိန်း (PSG) ဂိုးသမား ဒွန်နာရမ်မာနဲ့ တိုက်မိပြီးနောက် ခြေသလုံးရိုးကျိုးကာ ခြေကျင်းဝတ်ပါ လွဲသွားခဲ့တဲ့ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းမှာ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် လာမယ့် ဇွန်လမှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ ကြိုးပမ်းနေသလို ပွဲကစားချိန်တွေကိုလည်း တဖြည်းဖြည်းချင်း ပိုမိုရရှိလာနေပြီ ဖြစ်ပါတယ်။

မူစီယာလာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အသင်းဖော် ကွင်းလယ်လူ ဆာဂျီဂနာဘရီက အသင်းအတွက် တာဝန်ကျေပွန်အောင် ကစားပေးခဲ့ပေမဲ့ အခုအခါမှာတော့ ဂနာဘရီဟာ ပေါင်အတွင်းသား ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ ပြန်လည်အနားယူရတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်အဖြစ် လေဗာကူဆင်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ မူစီယာလာရဲ့ ခြေစွမ်းပြသနိုင်မှုဟာ ကွန်ပနီအတွက် အရေးပါနေပါတယ်။ "ဂျာမယ်က လက်ရှိမှာတော့ အခြေအနေကောင်းတစ်ခုမှာ ရှိနေပါတယ်" လို့ ကွန်ပနီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"သူဟာ ရုပ်ပိုင်းဆိုင်ရာအရ အများကြီး တိုးတက်လာတယ်လို့ ကျွန်တော် ဇန်နဝါရီလကတည်းက ပြောခဲ့ဖူးပါတယ်။ အခုဆိုရင် ခွန်အားပိုင်းတင်မဟုတ်ဘဲ ပြေးလွှားနိုင်မှုအပိုင်းမှာပါ သူ့ရဲ့အကောင်းဆုံးအခြေအနေကို ရောက်ဖို့ နီးစပ်နေပါပြီ။ အားလုံးက 'Magic Musiala' ကို ဘယ်တော့ မြင်ရမလဲလို့ မေးနေကြပါတယ်။ သူ အဆင့်အတန်းတစ်ခုနဲ့ ပြန်လာမှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ အခုတောင်မှ ဒီကောင်လေးက ဂိုးရှေ့မှာ တော်တော်လေး ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါပြီ" လို့ ၎င်းက ဆိုပါတယ်။

မူစီယာလာဟာ မိနစ် ၆၀၀ ကစားထားချိန်မှာ ပြိုင်ပွဲစုံ ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၉ ကြိမ်အထိ ပြုလုပ်ထားနိုင်တယ်လို့ ကွန်ပနီက ထောက်ပြခဲ့ပါတယ်။

ဆုဖလားသုံးလုံး (Treble) မျှော်လင့်ချက်ရှိနေတဲ့ ဘိုင်ယန်အသင်းဟာ ၂၀၂၀ ခုနှစ်ကတည်းက ဂျာမန်ဖလား ဗိုလ်လုပွဲကို မတက်လှမ်းနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ စတုဂတ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် ပွဲစဉ် ၄ ပွဲအလိုမှာတင် ဘွန်ဒက်လီဂါ ချန်ပီယံဆုကို အရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်အပတ်မှာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် PSG အသင်းနဲ့ ပြင်သစ်မြေမှာ သွားရောက်ရင်ဆိုင်ရဦးမှာပါ။

"သူ့အနေနဲ့ ကစားကွက်အတွင်းမှာ လွတ်လွတ်လပ်လပ် ကစားနိုင်တဲ့ အခြေအနေမျိုး ပြန်ရလာတဲ့အခါမှာတော့ အခုထက် ပိုမိုတိုးတက်လာတဲ့ မူစီယာလာကို မြင်ရမှာဖြစ်ပြီး ဒါဟာ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ကို အရမ်းပျော်ရွှင်စေပါတယ်။ မိနစ် ၆၀၀ မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဂိုး ၉ ဂိုးက သူ အသင့်ဖြစ်နေပြီဆိုတာကို ပြသနေတာပါ" လို့ ကွန်ပနီက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။