ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်မယ့် အီကီတီကီအတွက် အားပေးစကားဆိုခဲ့တဲ့ ဒက်စ်ချမ့်စ်
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဒီဒီယာဒက်စ်ချမ့်စ်က ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ တိုက်စစ်မှူးအီကီတီကီကို လှိုက်လှိုက်လှဲလှဲ အားပေးစကားပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လီဗာပူးတိုက်စစ်မှူးက ပီအက်စ်ဂျီကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဖနောင့်ကြောပြတ်တောက်ဒဏ်ရာ (Ruptured Achilles) ရရှိသွားခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် ကိုးလခန့် အနားယူရဖို့ ရှိနေပြီး သူ့ရဲ့လက်ကျန်ရာသီပွဲစဉ်တွေအပြင် ကမ္ဘာ့ဖလားဝင်ရောက်ကစားခွင့်ပါ ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါက ပြင်သစ်အသင်းနဲ့ လီဗာပူးအသင်းတို့အတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။
"အင်္ဂါညမှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာ အီကီတီကီ ဒဏ်ရာရခဲ့ပါတယ်။ ကံမကောင်းစွာနဲဘဲ ဒဏ်ရာအခြေအနေ ပြင်းထန်တာကြောင့် သူက လီဗာပူးနဲ့အတူ ဒီရာသီကို အဆုံးသတ်မသတ်နိုင်တော့သလို ကမ္ဘာ့ဖလားမှာလည်း မပါဝင်နိုင်တော့ပါဘူး" လို့ ဒက်စ်ချမ့်စ်က ဆိုပါတယ်။
"အီကီတီကီက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း လက်ရွေးစင်အသင်းမှာ စတင်ကစားခွင့်ရခဲ့တဲ့ လူငယ်ကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူက ကွင်းတွင်းကွင်းပြင်ပ အသင်းနဲ့အတူ အကောင်းဆုံးအံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။ ဒီဒဏ်ရာက သူ့အတွက်ရော ပြင်သစ်လက်ရွေးစင်အသင်းအတွက်ပါ တကယ့်ကို ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ သူလည်း အတော်လေးကို စိတ်ပျက်ဝမ်းနည်းနေပါလိမ့်မယ်" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။