ဘာစီလိုနာနဲ့ပွဲစဉ်မှာ လွတ်ခ်မန်းရဲ့ရင်သပ်ရှုမောဖွယ်ခြေစွမ်းကို ဆီမြွန်နီ ချီးကျူး
အင်္ဂါညပိုင်း၊ ဘာစီလိုနာရဲ့အပြင်းအထန်တိုက်စစ်ဆင်ကစားမှုကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့ အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီ ဝမ်းသာပီတိဖြစ်နေပါတယ်။
မက်ထရိုပိုလီတာနိုကွင်းပွဲစဉ်မှာ ဘာစီလိုနာက ၂ -၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမဲ့ နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
ပွဲစဉ်အပြီး ဆီမြွန်နီက "သူတို့ ဘယ်လိုကစားသွားလဲ မြင်ကြတယ်မလား။ သူတို့ရဲအရှိန်အဟုန်က တကယ်ကို မြန်လွန်းပါတယ်။ ကျွန်တော်တို့ဘက်က အမှားအချို့ လုပ်မိသွားလို့ သူတို့ရဲ့ဘောလုံးပေးဝေမှုတွေ၊ အတွဲအဖက်တွေမှတစ်ဆင့် အခွင့်အရေးရသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့အတွက် ပွဲကို ထိန်းချုပ်ဖို့ ခက်ခဲသွားခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ၀-၂ ဂိုးဖြစ်သွားချိန် ပွဲကို လက်လွှတ်သွားရနိုင်သလို ကျွန်တော်တို့ကိုယ်တိုင်လည်း လက်လျှော့လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်ပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ ဂျီမင်နက်ဇ်၊ ကိုကီနဲ့ လော်ရန်တေးတို့ရဲ့ခေါင်းဆောင်မှု၊ မူဆိုရဲ့တည်ငြိမ်မှု၊ ဂျူလီယာနိုရဲ့ သိသိသာသုတိုးတက်လာတဲ့ကစားပုံနဲ့ လွတ်ခ်မန်းက ကျွန်တော်တို့ကို ပွဲဆီပြန်ရောက်လာအောင် လုပ်ပေးခဲ့လို့ အခုလို ရလဒ်ထွက်လာတာပါ။ ဒုတိယပိုင်းမှာတော့ ကစားပုံက ပိုပြီး မျှတသွားပါတယ်" လို့ ဆိုပါတယ်။
"စနေနေ့ပွဲစဉ်ကြောင့် ဘာစီလိုနာကစားသမားတွေ ပင်ပန်းနေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲလူစားလဲမှုတွေကလည်း အသင်းကို အားသစ်လောင်းပေးနိုင်ခဲ့ပါတယ်။ နှစ်သင်းလုံး Plan B ကို သုံးခဲ့ကြတယ်၊ သူတို့က အရူဂျိုနဲ့ လီဝန်ဒေါစကီးကို ထည့်တယ်၊ ကျွန်တော်တို့ကတော့ ဆောလော့၊ နီကို၊ ဘာအီနာတို့ကို ထည့်ခဲ့ပါတယ်။ သူတို့လည်း ဂိုးရလုနီးပါး ဖြစ်ခဲ့သလို ကျွန်တော်တို့လည်း ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်"
"ဒါ တကယ့်ကိုထူးခြားတဲ့ ပွဲစဉ်တစ်ခုပါ။ ကွင်းကိုလာတဲ့လမ်းမှာ ဘတ်စ်ကားပေါ်မှ မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေရဲ့အားပေးမှုကြောင့် ကျွန်တော်တို့ နိုင်ပွဲကို စတင်နိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီအသင်းမှာ ရှိနေတာ ၁၄ နှစ် ရှိပြီဆိုပေမဲ့ အခုထိ ရင်ခုန်စိတ်လှုပ်ရှားနေတုန်းပါပဲ။ ကစားသမားတွေရဲ့ ယုံကြည်မှု၊ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုတွေအတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။ အခုတော့ နောက်ထပ်လာမယ့် ပွဲစဉ်တွေအတွက် အနားယူသွားရပါမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအတွက် အရေးပါတဲ့ဂိုးကို သွင်းယူပေးခဲ့တဲ့ လွတ်ခ်မန်းနဲ့ ပတ်သက်ပြီးတော့လည်း ဆီမြွန်နီက "သူ အဖက်ဖက်မှ တိုးတက်လာနေပြီး အထူးသဖြင့် ခံစစ်ပိုင်းမှာ အများကြီးကောင်းမွန်လာသလို အသင်းအပေါ်လည်း သက်ရောက်မှုရှိလာပါတယ်။ တိုက်စစ်ပိုင်းအတွက်လည်း သူ့မှာ အရည်အသွေး အစုံအလင်ရှိပြီးသားပါ။ ကျွန်တော်တို့ဆီမှာ ဒီလိုအရည်အချင်းရှိတဲ့ ကစားသမားမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး" လို့ ပြောပါတယ်။
"တချို့က ဂျူလီယာနိုကို ကွင်းလယ်တိုက်စစ် ဒါမှမဟုတ် နောက်ခံလူလို့ ပြောကြပေမဲ့ ကျွန်တော်တို့ကတော့ တိုက်စစ်မှူးလေးဦးနဲ့ ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ လွတ်ခ်မန်းရဲ့ခြေစွမ်းကတော့ ရင်သပ်ရှုမောစရာပါပဲ၊ သူပေးစွမ်းနိုင်တာတွေ အများကြီးကျန်ပါသေးတယ်။ နိုင်ဂျီးရီးယားအသင်းမှာ သူကစားတာကို ကျွန်တော် မြင်ဖူးပါတယ်၊ အဲ့ဒီအရာကိုပဲ ကျွန်တော် သူဆီမှ လိုချင်တာပါ"
ချန်ပီယံလိဂ်ဖလား အောင်မြင်နိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ဆီမြွန်နီက "ကျန်ရှိနေတဲ့ ပွဲစဉ်သုံးပွဲအတွက် စိတ်အားထက်သန်မှု၊ ပြိုင်ဘက်အပေါ် လေးစားမှု၊ နှိမ့်ချမှုတွေနဲ့အတူ ကျွန်တော်တို့ ဘာကို လိုချင်တယ်ဆိုတာကို သိပါတယ်။ အဲ့ဒီရည်မှန်းချက်ဆီ ကျွန်တော်တို့ အရောက်သွားပါမယ်" လို့ ဖြေကြားခဲ့ပါတယ်။