The network connection is lost.

Banner Image

မော်ရင်ဟိုသာပေါ်တူဂီနည်းပြဖြစ်လာမယ်ဆိုရင် ၂၀၃၀ ကမ္ဘာ့ဖလားမှာလည်း ရော်နယ်ဒိုပါဝင်ကစားနိုင်သေးတယ်လို့ဆိုလိုက်တဲ့ မန်ဒက်စ်

အကယ်၍ မော်ရင်ဟိုသာ ပေါ်တူဂီအသင်းရဲ့ နည်းပြဖြစ်လာမယ်ဆိုရင် ရော်နယ်လ်ဒိုအနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ခြေရှိတယ်လို့ ပက်ဒရိုမန်ဒက်စ်က ပြောကြားလိုက်ပါတယ်။ စပါးနဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်သူ ပက်ဒရိုမန်ဒက်စ်က ပေါ်တူဂီလက်ရွေးစင်အသင်းမှာရှိနေတဲ့ စီရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးပြောကြားခဲ့တာပါ။ လတ်တလောမှာ အသက် ၄၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ လာမယ့်နွေရာသီပြိုင်ပွဲကို သူ့ရဲ့နောက်ဆုံးပြိုင်ပွဲလို့ ယူဆရတဲ့ လက္ခဏာတွေရှိနေတာကြောင့် ၂၀၃၀ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ဖို့အတွက် မရေမရာဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ တစ်ဖက်မှာလည်း ရော်နယ်လ်ဒိုရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းနဲ့အတူ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ထားပေမဲ့ လက်ရှိအသင်းမှာ မပျော်ရွှင်တာကြောင့် ရာသီကုန်မှာ ထွက်ခွာဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။ မန်ဒက်စ်က Thunderpick နဲ့ အင်တာဗျူးမှာ ပြောကြားရာမှာတော့ အကယ်၍ မော်ရင်ဟိုသာ အခွင့်အရေးရလာမယ်ဆိုရင် အသက် ၄၅ နှစ်အရွယ်ရောက်မယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ရော်နယ်လ်ဒိုအနေနဲ့ ဆက်ရှိနေနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ "အကယ်၍ မော်ရင်ဟိုသာ ပေါ်တူဂီနည်းပြဖြစ်လာခဲ့ရင် ရော်နယ်လ်ဒိုက ဆက်ကစားနေမှာလား။ ဒါကတော့ ဆက်ကစားချင်သလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရွေးစင်အသင်းမှာ ဆက်ကစားမလား၊ မကစားဘူးလားဆိုတာကို ဆုံးဖြတ်နိုင်တဲ့ စွမ်းအားက ရော်နယ်လ်ဒိုမှာ ရှိနေပြီးသားပါ။ ဒါပေမဲ့ လက်ရွေးစင်အသင်းက နည်းပြနဲ့ ကစားသမားကြား ဆက်ဆံရေးက ကလပ်အသင်းက နည်းပြနဲ့ ကစားသမားကြား ဆက်ဆံရေးနဲ့ လုံးဝကွဲပြားပါတယ်။ နေ့တိုင်း အတူတူအလုပ်လုပ်စရာ မလိုသလို အပတ်စဉ်ပွဲစဉ်တွေမှာ ဖြစ်တတ်တဲ့ တင်းမာမှုတွေလည်း မရှိပါဘူး။ ဒါကြောင့် စောင့်ကြည့်ရဦးမှာပါ၊ လောလောဆယ်တော့ နည်းနည်းစောနေပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အဆင်ပြေကြပါတယ်၊ ဆက်ဆံရေးကောင်းလည်း ရှိကြတယ်။ ဒါကြောင့် အကယ်၍ မော်ရင်ဟိုသာ လက်ရွေးစင်အသင်းကို ရောက်လာခဲ့ရင် ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းနဲ့ ၂၀၂၇ ခုနှစ် ဇွန်လအထိ (ဆိုလိုတာက နောက်ရာသီကုန်အထိ) စာချုပ်သက်တမ်းရှိနေတာပါ။ သူဟာ နောက်နှစ်အနည်းငယ်အတွင်းမှာ အသင်းကထွက်ပြီး တခြားအလုပ်တစ်ခုခု ပြောင်းလုပ်ရင်တောင် နောက်ထပ်ကမ္ဘာ့ဖလားမတိုင်ခင်မှာ ပေါ်တူဂီနည်းပြ ဖြစ်လာနိုင်ပါသေးတယ်။ အဲဒီအချိန်မှာ အသက်အရွယ်အတားအဆီးကို အံတုနေဆဲဖြစ်တဲ့ ရော်နယ်လ်ဒိုကလည်း ဆက်လက်ယှဉ်ပြိုင်နေနိုင်ပါသေးတယ်။