ကမ္ဘာ့ဖလားမတိုင်ခင် နည်းပြအက်ဒိုနဲ့ လမ်းခွဲခဲ့တဲ့ ဂါနာလက်ရွေးစင်အသင်း
ဂါနာလက်ရွေးစင်အသင်းနည်းပြအော့တိုအက်ဒိုက ရာထူးမှ ဖယ်ရှားခံလိုက်ရပါတယ်။
အက်ဒိုလက်ထက် ဂါနာအသင်းက ယမန်နေ့၊ စတုဂတ်မှာ ကစားခဲ့တဲ့ ဂျာမနီနဲ့ခြေစမ်းပွဲမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့သောကြာနေ့၊ ဗီယင်နာမှာလည်း ဩစကြီးယားကို ၅-၁ ဂိုးတို့ဖြင့် ဂိုးပြတ်ရှုံးနိမ့်မှုတို့ကြောင့် နည်းပြဖြစ်သူရာထူး ဆုံးရှုံးသွားခဲ့ပါတယ်။
ဒါ့အပြင် ဂါနာအသင်းဟာ အက်ဒိုရဲ့လက်အောက် နောက်ဆုံးကစားခဲ့တဲ့လေးပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။
ဒီနေ့မနက်မှာပဲ ဂါနာဘောလုံးအဖွဲ့ချုပ်က “ဂါနာဘောလုံးအဖွဲ့ချုပ်(GFA)အနေနဲ့ အမျိုးသားလက်ရွေးစင်အသင်းနည်းပြချုပ်အော့တိုအက်ဒိုနဲ့ ဒီနေ့မှစလို့ လမ်းခွဲလိုက်ပါပြီ” လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
“အသင်းအတွက် စွမ်းစွမ်းတမံကြိုးစားအားထုတ်ပေးခဲ့တဲ့ အော့တိုအက်ဒိုကို အဖွဲ့ချုပ်က အထူးပင်ကျေးဇူးတင်ရှိပြီး နောင်အနာဂတ်လုပ်ငန်းဆောင်တာတွေမှာလည်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဂါနာလက်ရွေးစင်အသင်းရဲ့နည်းပြအဖွဲ့သစ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကိုတော့ မကြာခင် ထပ်မံအသိပေးသွားပါမယ်” လို့လည်း ဖော်ပြထားပါတယ်။