The network connection is lost.

Banner Image

အီတလီအတွက် ကမ္ဘာ့ဖလားဝင်ခွင့် မဖြစ်မနေလိုအပ်နေပြီလို့ ဖွင့်ဟပြောကြားလိုက်တဲ့ ကာပယ်လို

အေစီမီလန်နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်းကာပယ်လိုက ဘော့စနီးယားနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ(Playoff) မှာ အီတလီအသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဘယ်သူပါဝင်မလဲဆိုတာကို အဓိကအဆုံးအဖြတ်အဖြစ် မှတ်ယူထားပါတယ်။

ဒီပွဲစဉ်မှာ အယ်လ်ကာဒီစီယာအသင်းတိုက်စစ်မှူးရီတီဂွီထက် အင်တာမီလန်လူငယ်ကစားသမား အက်စ်ပိုစီတိုက ပွဲထွက်ခွင့်ရဖို့ ပိုများနေပါတယ်။

La Gazzetta dello Sport နဲ့တွေ့ဆုံချိန် ကာပယ်လိုက "နည်းပြဂတ်တူဆိုက ဒီပွဲကို ဘယ်လိုဗျူဟာနဲ့ ခင်းကျင်းမလဲဆိုတာကို အရင်ကြည့်ရပါမယ်။ အဲဒီအပေါ်မူတည်ပြီးမှ အက်စ်ပိုစီတိုကို ပွဲထွက်ခွင့်ပေးမလား ဒါမှမဟုတ် နောက်မှ လူစားလဲဝင်ခိုင်းမလားဆိုတာ သိနိုင်ပါလိမ့်မယ်"

"ရီတီဂွီက ရက်သတ္တပတ်အနည်းငယ်လောက် ပွဲမကစားထားရသေးပါဘူး။ ပြီးတော့ အာရပ်လိဂ်ရဲ့ကစားဟန်က ကျွန်တော်တို့ကစားဟန်နဲ့ မတူဘူးလေ။ တစ်ခါတလေကျရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်မှုတွေအတွက် အဖိုးအခ ပြန်ပေးရတတ်ပါတယ်"လို့ ပြောပါတယ်။

ဆက်လက်ပြီး ကာပယ်လိုက "၁၂ နှစ်တိုင်တိုင် ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မေ့ပစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်အေးအေးထားကာ ကွင်းထဲကို ဆင်းရပါမယ်။ ဒါက မလွယ်ကူဘူးဆိုတာ သိပေမဲ့ ကျွန်တော်တို့ အောင်မြင်အောင် လုပ်ရပါမယ်။ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ကစားကြပါမယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ကမ္ဘာ့ဖလားကို သွားကိုသွားရပါမယ်။ အီတလီလူမျိုးတွေက အရေးကြီးတဲ့အားကစားပွဲတွေဆိုရင် အမြဲတမ်းစိတ်အားထက်သန်ကြတာပါ။ အခုဆိုရင် အားလုံးက ဖော်မြူလာဝမ်း (Formula 1) နဲ့ တင်းနစ်ပွဲတွေကိုတောင် စောင့်ကြည့်နေကြပြီ။ အီတလီအသင်းက ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးပွဲစဉ်ကြီးနဲ့ ဝေးကွာနေတာ ၁၂ နှစ်တောင် ရှိနေပါပြီ"

"ဒါကြောင့်လည်း နိုင်ငံလက်ရွေးစင်အသင်းအပေါ် စိတ်ပျက်မှု၊ အားမရမှုတွေ ရှိနေတာပါ" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။