အီကွေဒေါမျိုးဆက်သစ်ကြယ်ပွင့်မာတီနက်ဇ်ကို ခေါ်ယူဖို့ နီးစပ်လာနေတဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းက Independiente del Valle အသင်းရဲ့ အလားအလာအကောင်းဆုံးလူငယ်ကစားသမား ဂျိုဟန်မာတီနက်ဇ်ကို ခေါ်ယူဖို့ နီးစပ်နေပါပြီ။
အသက် ၁၆ နှစ်အရွယ်အီကွေဒေါလူငယ်လေးက ချဲလ်ဆီးကြယ်ပွင့်ကိုင်စီဒို ထွက်ပေါ်လာခဲ့တဲ့ ကလပ်အသင်းမှာပဲ နောက်တစ်ကြိမ်ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။
Tribalfootball ရဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ရူဒီဂါလက်တီရဲ့ဖော်ပြချက်အရ မာတီနက်ဇ်အတွက် ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။
မာတီနက်ဇ်က အသက် ၁၈ နှစ်ပြည့်မြောက်ချိန်မှသာ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ပြီး အင်္ဂလန်ကို ရောက်ရှိလာပါလိမ့်မယ်။
နယူးကာဆယ်အသင်းက ဒီသဘောတူညီမှုကို အမြန်ဆုံးအပြီးသတ်နိုင်ဖို့ ကြိုးစားနေပြီး အခုသီတင်ပတ်အတွင်းမှာပဲ စာချုပ်တွေ လက်မှတ်ရေးထိုးနိုင်ဖို့ တွန်းအားပေးဆောင်ရွက်နေပါတယ်။
ဒီအပြောင်းအရွှေ့က နယူးကာဆယ်အသင်းရဲ့ဘောလုံးဆိုင်ရာအရာရှိချုပ် (Football Chief) အဖြစ် ရော့စ်ဝီလ်ဆင် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးသော တရားဝင်ကစားသမားခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ ဝီလ်ဆင်က တောင်အမေရိကဒေသမှာရှိတဲ့ ကစားသမားရှာဖွေရေးကွန်ရက်ကို ချဲ့ထွင်လာခဲ့ပြီး ဘရာဇီး၊ ကိုလံဘီယာနဲ့ အီကွေဒေါနိုင်ငံအခြေစိုက် ကစားသမားသစ်တွေ ရှာဖွေပေးဖို့ သောမတ်စ်ဖက်ဒါစပီးလ်ကို ဒီဇင်ဘာလအတွင်း တာဝန်ပေးအပ်ခဲ့ပါတယ်။