မိုဆာလက်ကို ဥရောပဘောလုံးလောကမှာပဲ ဆက်ရှိနေဖို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ တိုက်တွန်း
အီဂျစ်အသင်းရဲ့ဒါရိုက်တာအီဘရာဟင်ဟာဆန်က မိုဆာလက်ဆီ အမေရိကန် မေဂျာလိဂ်(MLS)ရဲ့ကမ်းလှမ်းမှုတွေကို လျစ်လျူရှုဖို့ တိုက်တွန်းလိုက်ပါတယ်။
အန်ဖီးလ်မှာ ကိုးနှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် မိုဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန် လီဗာပူးအသင်းမှ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းက အီဂျစ်သူရဲကောင်းကို စိတ်ဝင်စားနေပေမဲ့ ဟာဆန်ကတော့ On Sports ကို အခုလို ပြောကြားခဲ့ပါတယ်။ "ကျွန်တော့်တစ်ဦးတည်းအမြင်အရတော့ သူ အမေရိကန်လိဂ်မှာ သွားကစားဖို့အထိ စိတ်မပါပါဘူး။"
"အဲဒီကိုရောက်သွားရင် လူတွေရဲ့အာရုံစိုက်မှုနဲ့ အရမ်းဝေးကွာသွားပါလိမ့်မယ်။ ဘယ်သူမှလည်း မိုဆာလက်ကို သတိရတော့မှာ မဟုတ်ပါဘူး။"လို့ ဆိုပါတယ်။
လက်ရှိအီဂျစ်အသင်းနည်းပြဟော့ဆန်ဟာဆန်ရဲ့ အမြွှာညီအစ်ကိုဖြစ်သူ အီဘရာဟင်က မိုဆာလက်ကို ဥရောပရဲ့ထိပ်တန်းလိဂ်တစ်ခုခုမှာပဲ ဆက်ရှိနေစေချင်ပါတယ်။
“ကျွန်တော့်အတွက်တော့ မိုဆာလက်ရဲ့ပထမဦးစားပေးက ဥရောပမှာပဲ ဆက်နေဖို့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ပြင်သစ်နဲ့ အီတလီလိဂ်တွေရဲ့ကမ်းလှမ်းမှုတွေရှိတယ်လို့လည်း ကြားထားလို့ အဲဒီလမ်းကြောင်းကိုပဲ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ဆော်ဒီလိဂ်အတွက်လည်း အီဘရာဟင်က အခုလို အကြံပြုထားပါသေးတယ်။ “အထူးသဖြင့် စီရော်နယ်ဒိုနဲ့ တခြား ကမ္ဘာ့အဆင့်မီ ကြယ်ပွင့်ကစားသမားတွေ ရှိနေလို့ တကယ်လို့ ဥရောပဘက်မှကမ်းလှမ်းမှုတွေ မရခဲ့ဘူးဆိုရင်တော့ ဆော်ဒီလိဂ်ကို သွားမယ်ဆို သူ့အတွက် ပိုကောင်းပါလိမ့်မယ်"
"သူကိုယ်တိုင်လည်း အယ်လ်အစ်တီဟတ်၊ အယ်လ်ဟီလယ်၊ အယ်လ်နာဆာနဲ့ အယ်လ်အာလီတို့လို ထိပ်တန်းကလပ်တွေထဲမှ အသင်းတစ်ခုကို ရွေးချယ်သင့်ပါတယ်။ ဒါပေမဲ့ မိုဆာလက်ကိုယ်တိုင်လည်း ဘာလုပ်ရမလဲဆိုတာ သေချာပေါက် သိနေပါလိမ့်မယ်။ သူက ထက်မြက်သလို အသေးစိတ် အချက်အလက်အားလုံးကိုလည်း အမြဲတမ်းဂရုစိုက်တတ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။