The network connection is lost.

Banner Image

ပရိသတ်တွေကိုယ်တိုင် ဂိုးမသွင်းယူနိုင်ပါဘူးလို့ ဘော့စနီးယားကွင်းတွင်းအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်လာတဲ့ ဂတ်တူဆို

အီတလီနည်းပြဂတ်တူဆိုက ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ဗိုလ်လုပွဲအတွက် ဘော့စနီးယားနိုင်ငံမှာ သွားရောက်ကစားရချိန် ကြုံတွေ့ရမယ့် ကွင်းအခြေအနေနဲ့ ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေအပေါ် မစိုးရိမ်ထားဘဲ ပရိသတ်တစ်ဦးကြောင့် ဂိုးပေးလိုက်ရတဲ့ အခိုက်အတန့်မျိုး တစ်ခါမှမကြုံဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂတ်တူဆိုက ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီတလီအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ဖို့ အီတာလျံဘောလုံးလောကရဲ့မျှော်လင့်ချက်တွေကို ထမ်းပိုးထားရပါတယ်။ ဆီမီးဖိုင်နယ်အဖြစ် အိမ်ကွင်းမှာ မြောက်အိုင်ယာလန်ကို အနိုင်ရခဲ့ပြီးနောက် အီတလီအသင်းက အင်္ဂါနေ့မှာတော့ ဇနီကာမြို့၊ အဝေးကွင်းပွဲစဉ်အဖြစ် ဘော့စနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

ဘော့စနီးယားမှာ ဆီးနှင်းတွေနဲ့ မိုးရွာသွန်းမှုကြောင့် ကွင်းအခြေအနေကို စိုးရိမ်ခဲ့ကြပြီး အီတလီအသင်းရဲ့ မူလအစီအစဉ်လည်း ပြောင်းလဲခဲ့ရပါတယ်။ ဒါကြောင့် ခရီးမထွက်ခင် တနင်္လာနေ့မနက်ပိုင်းအထိ ဖလော်ရင့်စ်မြို့မှာပဲ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

"ဒါတွေက ဆင်ခြေတွေပါ၊ ကွင်းမကောင်းဘူးဆိုရင် နှစ်သင်းလုံးအတွက် မကောင်းတာပဲ၊ ပွဲကတော့ ကစားရမှာပဲလေ" လို့ ဂတ်တူဆိုက သတင်းထောက်တွေဆီ ပြောပါတယ်။ "ကွင်းအကြောင်းတွေ၊ ပရိသတ်တွေအကြောင်းတွေပဲ တွေးနေမယ်ဆိုရင်တော့ ဒါဟာ စိတ်ဓာတ်ပျော့ညံ့တာပါပဲ။ ကျွန်တော် ကွင်းကို ကြည့်ပြီးပါပြီ၊ အခြေအနေ ကောင်းပါတယ်။ တကယ်လို့ ကွင်းမကောင်းဘူးဆိုရင်တောင် ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး။"

"ဘော့စနီးယားအသင်း ကွင်းထဲမှာကစားပြတဲ့ပုံစံတွေအပေါ် ကျွန်တော်တို့ တကယ်ကို လေးစားမှုရှိပါတယ်။ ပရိသတ်တွေနဲ့ပတ်သက်လို့ကတော့ သူတို့က ဂိုးသွင်းတာမှ မဟုတ်တာ၊ ကျွန်တော့်ဘဝမှာ အဲဒီလိုမျိုး တစ်ခါမှမကြုံဖူးပါဘူး" လို့ သူက ဆိုပါတယ်။

ဂတ်တူဆိုက ကမ္ဘာ့ဖလားခြေစစ်ပွဲအစောပိုင်းအဆင့်မှာ နော်ဝေးကို ရှုံးနိမ့်ခဲ့ပြီး အခြေအနေမကောင်းဖြစ်ခဲ့တဲ့ စပယ်လက်တီရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်နဲ့ပွဲစဉ်မှာ အီတလီအသင်းရဲ့ခြေစွမ်းက အပြည့်အဝကျေနပ်စရာ မကောင်းခဲ့ပေမဲ့ နည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အသင်းမှာ သိသာတဲ့တိုးတက်မှုတွေ ရှိလာတယ်လို့ သူက ယူဆထားပါတယ်။

"နည်းဗျူဟာပိုင်းအရ ပြီးခဲ့တဲ့ညမှာ ကျွန်တော်တို့ မှားခဲ့တာတွေ ရှိပါတယ်" လို့ ဂတ်တူဆိုက ပြောပါတယ်။ "လွန်ခဲ့တဲ့ ၇ လတုန်းက ကျွန်တော်တို့ ဒီလောက်ထိ မကောင်းခဲ့ပါဘူး။ ပြိုင်ဘက်တွေရဲ့ ဖိအားပေးတာကို ခံခဲ့ရပြီး သူတို့တွေက ကျွန်တော်တို့ ဂိုးပေါက်ရှေ့ကို အလွယ်တကူ ရောက်လာခဲ့ကြသလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ကြတယ်။ အစပိုင်းမှာဆိုရင် ရယ်စရာကောင်းတဲ့ ဂိုးတွေ ပေးခဲ့ရတယ်၊ အသင်းက ပျော့ညံ့နေပြီး ကစားကွက်ပုံစံကိုလည်း ထိန်းထားဖို့ ရုန်းကန်ခဲ့ရပါတယ်။"

"အခုကစားနေတဲ့ ပုံစံက တိုက်စစ်အသားပေးပုံစံမျိုး မဟုတ်သလို သိပ်ပြီးကြည့်မကောင်းတာမျိုးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပိုပြီးကျစ်လျစ်ခိုင်မာကာ ပေးဂိုးနည်းတဲ့ အသင်းမျိုး ဖြစ်နေတာကိုပဲ ကျွန်တော် ပိုသဘောကျပါတယ်" လို့ သူက ရှင်းပြပါတယ်။