ဇမ်ဘီယာနဲ့ပွဲစဉ်မှာ မက်ဆီ ပွဲထွက်ကစားမယ်လို့ စကာလိုနီ အတည်ပြု
လာမယ့်အင်္ဂါနေ့၊ ဇမ်ဘီယာနဲ့ကစားမယ့် ခြေစမ်းပွဲစဉ်အတွက် မက်ဆီ ပွဲထွက်ပါဝင်ကစားပါလိမ့်မယ်။ ဒါက လက်ရှိကမ္ဘာ့ချန်ပီယံအာဂျင်တီးနားအသင်းရဲ့ ချန်ပီယံဆုကာကွယ်ရမယ့်ခရီးစဉ်မတိုင်ခင် ပြည်တွင်းမှာကစားတဲ့ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။
အာဂျင်တီးနားနည်းပြစကာလိုနီရဲ့အဆိုအရ ပြီးခဲ့တဲ့သောကြာနေ့၊ မော်ရီတေးနီးယားကို ၂-၁ ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံတန်းမှတဆင့် ပါဝင်ကစားခဲ့တဲ့ မက်ဆီက အခုဇမ်ဘီယာနဲ့ပွဲစဉ်အတွက် အသင်းရဲ့အမာခံကစားသမားတွေနဲ့အတူ ရှေ့တန်းမှဦးဆောင်ကာ ပွဲထွက်လာမယ်လို့ သိရပါတယ်။
"မနက်ဖြန်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ မက်ဆီ ပါဝင်ပါလိမ့်မယ်" လို့ စကာလိုနီက အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်မက်ဆီဟာ ကမ္ဘာ့ဖလားမှာကစားဖို့ တရားဝင်မပြောသေးပေမဲ့ ခြေစစ်ပွဲခရီးစဉ်တလျှောက်မှာ အသင်းအတွက် အပြည့်အဝပါဝင်ကစားပေးခဲ့ပါတယ်။
စကာလိုနီကတော့ ဘော်လွန်းဒီအော်ရှစ်ဆုရှင်ကို ကစားသမားဘ၀ ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားမှာ ပါဝင်လာဖို့အတွက် မျှော်လင့်နေပါတယ်။
"အရေးကြီးတာက သူပါဝင်လာပြီး ကမ္ဘာ့ဖလားရဲ့အရသာကို ခံစားဖို့ပါပဲ။ သီအိုရီအရ ပြောရရင် ဒါက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်နိုင်ပါတယ်" လို့ မက်ဆီနဲ့ ပတ်သက်ပြီး စကာလိုနီက ပြောပါတယ်။
"သူ့ကို အကောင်းဆုံး ပျော်ပျော်ရွှင်ရွှင်ကစားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းကျရင် ဒီလိုပြိုင်ပွဲကြီးမျိုးမှာ ကစားရတယ်ဆိုတာကို တကယ်ပဲ လွမ်းဆွတ်နေရဖို့ ရှိနေလို့ပါ" လို့လည်း ဆိုပါတယ်။
အင်္ဂါနေ့ပွဲစဉ်မှာ မက်ဆီနဲ့အတူ တောင်အမေရိကခြေစစ်ပွဲခရီးစဉ်တလျှောက် အမာခံကစားသမားတွေ အစုံအလင် ပါဝင်လာပါလိမ့်မယ်။ အာဂျင်တီးနားဟာ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေအနက် ပါဝင်နေပါတယ်။
"ကျွန်တော်တို့ ကောင်းကောင်းသိထားတဲ့ ကစားသမား အများစု ပါဝင်လာပါမယ်။ ဒီပွဲစဉ်က နောက်ဆုံးစမ်းသပ်မှုလည်း ဖြစ်ပါတယ်" လို့ စကာလိုနီက ဆိုပါတယ်။
"အဲဒီနောက်မှာတော့ လူငယ်ကစားသမား အချို့ကို ကြည့်ဖို့အတွက် လူစားလဲမှုတွေ လုပ်သွားပါမယ်။ ဒါပေမဲ့ အဓိကရည်ရွယ်ချက်ကတော့ အသားအကျဆုံး လူစာရင်းကို ထည့်ဖို့ပါပဲ" လို့ ပြောပြီး ပြီးခဲ့တဲ့ မော်ရီတေးနီးယားနဲ့ပွဲစဉ်မှာ ရုန်းကန်ခဲ့ရတဲ့ခြေစွမ်းက သူ့အသင်းရဲ့ခြေစွမ်းအစစ်အမှန် မဟုတ်ဘူးလို့ အလေးပေး ပြောကြားခဲ့ပါတယ်။
"အဲဒီနေ့မှာ မြင်ခဲ့ရတဲ့ခြေစွမ်းပိုင်းက အသင်းရဲ့အရည်အချင်းအစစ်မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ တကယ်လို့ အသင်းမှာ လိုအပ်ချက် ရှိနေသေးတယ်ဆိုရင် တခြားနည်းလမ်းတွေကို ရှာရပါမယ်။ ဒါပေမဲ့ သူတို့ကတော့ ယုံကြည်မှုပေးရမယ့်သူတွေပါပဲ" လို့ စကာလိုနီက ဆိုပါတယ်။
စကာလိုနီက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဆီ ကစားသမား ၅၅ ဦးပါစကာတင်စာရင်းကို ပေးပို့ထားပြီး နောက်ဆုံး ၂၆ ဦး လူစာရင်းကိုတော့ မေလကုန်မှာ အတည်ပြုရွေးချယ်ပါလိမ့်မယ်။
"ကျွန်တော့်စိတ်ထဲမှာ လူစာရင်းကတော့ အဖြေထွက်ပြီးသားပါ။ ဒါပေမဲ့ ခြေစွမ်းက လိုအပ်တဲ့အဆင့်ကို မရောက်ဘူးဆိုရင်တော့ အကောင်းဆုံးအသင်းဖြစ်ဖို့ ဂရုတစိုက်ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့က အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အခြေအနေရောက်ဖို့ ကြိုးစားနေတာပါ" လို့ ပြောပါတယ်။
"အသင်းမှာ အကြာကြီးရှိနေတဲ့ကစားသမားတွေက သူတို့အချင်းချင်း ကောင်းကောင်းသိထားလို့ အခွင့်အရေး ပိုရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လည်း အဲဒီအားသာချက်ကို ဆက်ထိန်းထားရပါမယ်။ ပြီးခဲ့တဲ့မော်ရီတေးနီးယားနဲ့ပွဲစဉ်လိုမျိုး ထပ်မဖြစ်အောင် အားလုံး သတိထားရပါမယ်" လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။