အာတီတာဟာ ဆာအဲလက်စ် ဖာဂူဆန်အတိုင်း လုပ်ဆောင်နေတယ်လို့ လိုင်နီကာက ပြောကြား
အင်္ဂလန်ဂန္ထဝင်ကစားသမားကြီး ဂယ်ရီလိုင်နီကာက အာဆင်နယ်နည်းပြ မီခေးလ်အာတီတာဟာ မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန် အသုံးပြုခဲ့တဲ့ နည်းဗျူဟာမျိုးကို အသုံးပြုနေတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။
ဒီကလန်ရိုက်စ်၊ ဘူကာယိုစာကာ၊ နိုနီမာဒူယက်ကီ၊ ပီရိုဟင်ကာပီ၊ ဂါဘရီယဲလ်၊ ဝီလီယံဆာလီဘာနဲ့ မာတင်ဇူဘီမန်ဒီတို့လို အာဆင်နယ်ကြယ်ပွင့်တွေဟာ အခုတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေကနေ နုတ်ထွက်ခဲ့တဲ့ ကစားသမားအများအပြားထဲမှာ ပါဝင်ခဲ့ကြပါတယ်။
ဒီရာသီမှာ ဆုဖလားသုံးလုံး ရယူနိုင်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ်မှာ ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်လို့ အာတီတာက သူ့ရဲ့ကစားသမားတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ လန်ဒန်မြောက်ပိုင်းဆီ အသီးသီး ပြန်လည်စေလွှတ်ခဲ့တာ ဖြစ်ပုံရပါတယ်။
'The Rest is Football' အမည်ရ ပေါ့ဒ်ကတ်စ်မှာ ပြောကြားရာမှာတော့ လိုင်နီကာက အာတီတာဟာ အောင်မြင်မှုအလီလီ ရယူခဲ့တဲ့ ဖာဂူဆန်ရဲ့ နည်းဗျူဟာတွေကို လိုက်နာနေတာဖြစ်တယ်လို့ ဆိုပါတယ်။
"စိတ်ဝင်စားစရာကောင်းတာက အခု အာဆင်နယ်ကစားသမား တော်တော်များများ လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားကြတာပဲ။ စာကာနဲ့ ရိုက်စ် နှစ်ယောက်စလုံး ထွက်သွားသလို ဆာလီဘာ၊ ဂါဘရီယဲလ်နဲ့ တခြား ကစားသမားတစ်ချို့လည်း ပါဝင်ပါတယ်။ အာတီတာဟာ ဒီနေရာမှာ ဆာအဲလက်စ် (ဖာဂူဆန်) လုပ်လေ့ရှိတဲ့ အခန်းကဏ္ဍအတိုင်း လုပ်ဆောင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ လိုင်နီကာက ပြောပါတယ်။
ဆက်လက်ပြီး သူက "နည်းပြတိုင်း ဒီလိုမျိုး လုပ်တတ်ကြပေမဲ့ များသောအားဖြင့်တော့ ကစားသမားတွေအပေါ်မှာပဲ မူတည်ပါတယ်။ အထူးသဖြင့် ခြေစမ်းပွဲတွေဆိုရင် နည်းပြတွေက ကစားသမားတွေကို (အသင်းကနေ) နုတ်ထွက်ဖို့ အမြဲတမ်း ဖိအားပေးလေ့ရှိပါတယ်။ ကျွန်တော့်တုန်းကလည်း နှစ်ကြိမ်လောက် အဲဒီလိုမျိုး ကြုံခဲ့ဖူးပေမဲ့ အဲဒီတုန်းက ကျွန်တော် လုံးဝ ငြင်းဆိုခဲ့ပါတယ်" လို့ ဆိုပါတယ်။
အာဆင်နယ်ပရိသတ်တွေကတော့ အဓိကကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းအတွက် စိုးရိမ်နေကြပေမဲ့ လိုင်နီကာ ပြောတာသာ မှန်မယ်ဆိုရင်တော့ အာတီတာဟာ ရာသီအစကတည်းက အနားမရခဲ့တဲ့ ကစားသမားအများအပြားကို အနားပေးနေတာပဲ ဖြစ်ပါတယ်။
နည်းပြ တူချယ်က လက်ရွေးစင်လူစာရင်းကို ၂၇ ဦးအထိ လျှော့ချလိုက်တာကြောင့် အာရွန်ရမ်းစ်ဒေးလ်၊ ဖီကာယို တိုမိုရီနဲ့ ဒိုမန်းနစ် ကာလ်ဗတ်လူဝင်တို့ဟာ အင်္ဂါနေ့မှာ ကစားမယ့် ဂျပန်နဲ့ ခြေစမ်းပွဲမတိုင်ခင် အသင်းကနေ ထွက်ခွာခဲ့ကြပါတယ်။