The network connection is lost.

Banner Image

ဝေဖန်မှုတွေအောက်ရောက်ရှိနေတဲ့ ဖလော်ရီယန်ဝစ်ဇ်ကို နာဂယ်စ်မန်း ထောက်ခံအားပေး

အန်ဖီးလ်ဆီပြောင်းရွှေ့လာတဲ့ ဖလော်ရီယန်ဝစ်ဇ်အပေါ် ဝေဖန်နေကြမှုတွေကို တရားမျှတမှုမရှိဘူးလို့ နာဂယ်စ်မန်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒီလူငယ်ကွင်းလယ်ဖန်တီးရှင်က ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပုံမှန်ပြသနိုင်ဖို့ ရုန်းကန်နေရလို့ အသင်းသစ်နဲ့ အံဝင်ခွင်ကျဖြစ်မှုအပေါ် ဝေဖန်စစ်ဆေးမှုတွေ ထွက်ပေါ်နေပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လေဗာကူဆင်နဲ့အတူ ရှုံးပွဲမရှိ ပြည်တွင်းဖလားနှစ်လုံးအောင်မြင်မှုရယူနိုင်ခဲ့ချိန် ၁၈ ဂိုးအထိ သွင်းယူခဲ့ပြီး ဘောလုံးရာသီရဲ့အကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်က နွေရာသီမှာ ပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့ အင်္ဂလန်ဆီ ပြောင်းလာခဲ့ပြီးနောက်ပိုင်း ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာပွဲစဉ်တွေကြောင့် နားရက်ရနေချိန် နာဂယ်စ်မန်းက အသက် ၂၂ နှစ်အရွယ်ကစားသမားလေးဆီဦးတည်တဲ့ ဝေဖန်မှုတွေ တိုးပွားလာနေမှုအပေါ် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ခဲ့ပြီး အခုလိုတုံ့ပြန်မှုတွေဟာ အလွန်အကျွံဖြစ်နေတယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

"ဒါ လူငယ်ကစားသမားတစ်ဦးကြုံတွေ့ရလေ့ရှိတဲ့ သာမန်အခြေအနေတစ်ခုပါပဲ။ သူက စိတ်ခံစားမှုရှိတဲ့သူတစ်ဦးဖြစ်ပြီး ဝေဖန်မှုတွေကို အရင်ဆုံးရင်ဆိုင်ဖြေရှင်းတတ်ဖို့ လိုပါတယ်။ အခုလို ပြင်းထန်တဲ့ဝေဖန်မှုတွေကတော့ မဖြစ်သင့်ပါဘူး" လို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့ ပိုပြီးရင်းနှီးသွားကြသလို သူကလည်း ရင်ဖွင့်တိုင်ပင်တာတွေ အများကြီးလုပ်ခဲ့ပါတယ်။ သူက ဉာဏ်ကောင်းပြီး ပွင့်လင်းသူတစ်ဦးဖြစ်လို့ သူနဲ့ စကားပြောရတာဟာ တကယ်အဆင်ပြေပါတယ်"

"သူက အခုလိုအခြေအနေမှတဆင့် သင်ခန်းစာတွေ အများကြီးရယူပြီး အရင်ထက် ပိုမိုသန်မာကောင်းမွန်ပါလိမ့်မယ်" လို့ နာဂယ်စ်မန်းက ပြောကြားခဲ့ပါတယ်။