The network connection is lost.

Banner Image

လီဗာပူးနဲ့အနာဂတ် ဘယ်လိုရှိမလဲဆိုတာ ဆွေးနွေးပြောဆိုခဲ့တဲ့ ရောဘတ်ဆန်

ရောဘတ်ဆန်က အသင်းမှာရှိနေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘောလုံးရာသီမကုန်ဆုံးခင် ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဝါရင့်စကော့တလန်နောက်ခံလူရဲ့စာချုပ်သက်တမ်းဟာ ဒီရာသီမှာပဲ ကုန်ဆုံးသွားပါတော့မယ်။ ရော်ဘတ်ဆန်ကို ဒီနွေရာသီမှာ အသင်းပြောင်းလိမ့်မယ်လို့ အစောပိုင်းက ယူဆခဲ့ကြပေမဲ့ ဇန်နဝါရီလအတွင်း တော့တင်ဟမ်ဆီ ပြောင်းမယ့်အစီအစဉ်ကို လီဗာပူးဘက်က ပိတ်ပင်ခဲ့ပြီးနောက် အခုအခါမှာတော့ အသင်းတာဝန်ရှိသူတွေက သူ့ကို စာချုပ်သစ် ကမ်းလှမ်းနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

"ကမ္ဘာ့ဖလားမတိုင်ခင် ဆုံးဖြတ်ချက် ချဖြစ်မှာလားဆိုရင်တော့ သေချာပေါက် ချဖြစ်ပါလိမ့်မယ်" လို့ စကော့တလန်လက်ရွေးစင်အသင်းကပ္ပတိန်က ပြောပါတယ်။

"ကျွန်တော်ကတော့ နွေရာသီမတိုင်ခင် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေပါလိမ့်မယ်။ အနာဂတ်ကိစ္စကို မသေမချာနဲ့ တန်းလန်းကြီးဖြစ်မနေစေချင်ဘူးဆိုတာ ကျွန်တော့်ရဲ့စိတ်ထဲမှာ အမြဲရှိနေတဲ့အချက်ပါပဲ။ ဒါက အရေးကြီးတယ်လို့လည်း ကျွန်တော်ထင်တယ်၊ ဘယ်သူမှလည်း အဲ့ဒီလိုမျိုး မရေမရာ ဖြစ်မနေချင်ကြပါဘူး။ လူတိုင်းလည်း ဒီလိုပဲ ခံစားရပါလိမ့်မယ်။ စာချုပ်ကုန်လို့ စာချုပ်သစ်ထပ်ချုပ်တာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ပြိုင်ပွဲကြီးတစ်ခုမစခင်မှာ အရာအားလုံးကို အပြီးအပြတ် ရှင်းရှင်းလင်းလင်း ဖြစ်နေစေချင်ကြတာပါပဲ" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် ၎င်းက "ကျွန်တော်ကတော့ အမြဲတမ်း အဲ့ဒီအတိုင်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ အခုကနေ ရာသီကုန်ဖို့ ရှစ်ပတ် ကိုးပတ်လောက်ပဲ လိုတော့တာဆိုတော့ ဒီအချိန်မှစပြီး မိသားစုနဲ့ အတူတူထိုင်၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကို တိုင်ပင်သွားပါမယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဆဲလ်တစ်အသင်းဆီ ပြန်သွားဖို့ ရှိ၊ မရှိ မေးမြန်းရာမှာတော့ "ဒါက ပြောပြဖို့ သိပ်မရှိသေးပါဘူး။ ကျွန်တော် ငယ်ငယ်က ဆဲလ်တစ်မှာ ရှိခဲ့ဖူးပြီး တစ်ရာသီစာလက်မှတ်တောင် ရှိခဲ့တယ်ဆိုတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် မဟုတ်တဲ့ကိစ္စပါ။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ အဲ့ဒီအကြောင်းကို အကျယ်တဝင့် မပြောချင်သေးပါဘူး။ လက်ရှိ ကျွန်တော့်ဆီမှာရှိနေတဲ့ ကမ်းလှမ်းမှုတွေကို လျှို့ဝှက်ထားပါမယ်။ ဒါ ကျွန်တော် အမြဲတမ်းလုပ်လေ့လုပ်ထရှိတဲ့ ပုံစံပါပဲ။ ကျွန်တော် ဘယ်ကိုသွားမလဲဆိုတာနဲ့ ပတ်သက်ပြီး လူတွေက အမျိုးမျိုးပြောနေကြသလို သတင်းတွေလည်း အများကြီးထွက်နေပါတယ်။ ကျွန်တော် ဒါတွေကိုတွေ့ပေမဲ့ အခုချိန်မှာတော့ အဲ့ဒီသတင်းတွေနဲ့ ဝေးဝေးမှာပဲ နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။