လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်နိုင်လို့ ခရိုအေးရှားနဲ့ခြေစမ်းပွဲစဉ်အတွက် မရေမရာဖြစ်နေတဲ့ ဗင်နီစီးယက်စ်
ဗင်နီစီးယက်စ်က ဘရာဇီးလ်အသင်းရဲ့စနေနေ့၊လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်နိုင်ခဲ့လို့ လာမယ့်အင်္ဂါနေ့၊ခရိုအေးရှားနဲ့ကစားမယ့် ခြေစမ်းပွဲစဉ်အတွက် မရေမရာအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားက ကြွက်သားပင်ပန်းနွမ်းနယ်မှု (Muscle fatigue) ကြောင့် အနားယူဖို့ လိုအပ်နေခဲ့ပါတယ်။
ESPN ရဲ့ဖော်ပြချက်အရ ဘရာဇီးတိုက်စစ်မှူးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာကြီးကြီးမားမားမတွေ့ခဲ့ရဘူးလို့ သိရပါတယ်။
ဒါကြောင့် ဗင်နီစီးယက်စ်က ရာဖင်ညာနဲ့ ဝက်စလေတို့လိုမျိုး အသင်းမှနုတ်ထွက်ဖို့အထိ မလိုအပ်ဘဲ လူစာရင်းမှာ ဆက်ရှိနေပါတယ်။
စနေနေ့၊ လေ့ကျင့်ရေးကွင်းမှာ ဗင်နီစီးယက်စ်က အသင်းဖော်တွေနဲ့အတူ မလေ့ကျင့်နိုင်ဘဲ Gym မှာပဲ တစ်ဦးတည်း လေ့ကျင့်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေကတော့ အော်လန်ဒိုမှာ ပြုလုပ်မယ့် တနင်္ဂနွေနေ့လေ့ကျင့်ရေးအစီအစဉ်မှာတော့ ဗင်နီစီးယက်စ် ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
တကယ်လို့ သူသာ မပါဝင်နိုင်ဘူးဆိုရင် အခုနိုင်ငံတကာရက်သတ္တပတ်အတွင်း နည်းပြအန်ဆယ်လော့တီအတွက် နောက်ထပ်ပျက်ကွက်သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။
ဗီနီစီးယပ်စ်အပြင် အလီဆင်၊ ဝက်စလေ၊ မာဂယ်လ်ဟေးစ်၊ အဲလက်စ် ဆန်ဒရိုနဲ့ ရာဖင်ညာတို့လည်း ဒဏ်ရာကြောင့် ဘရာဇီးအသင်းလူစာရင်းမှ နုတ်ထွက်ထားရပါတယ်။
အော်လန်ဒိုမှာကစားမယ့် ခရိုအေးရှားနဲ့ အင်္ဂါနေ့ပွဲစဉ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းမကြေညာခင် ဘရာဇီးအသင်းရဲ့နောက်ဆုံးခြေစမ်းပွဲလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးလူစာရင်းကိုတော့ မေ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာပါလိမ့်မယ်။