လီဗာပူးရဲ့နာမည်ကျော်တိုက်စစ်အတွဲအကြောင်း ပြန်ပြောင်းသုံးသပ်ပြောကြားခဲ့တဲ့ ယာဂန်ကလော့ပ်
လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က သူ့ရဲ့နာမည်ကျော်တိုက်စစ်အတွဲအပေါ် စီမံခန့်ခွဲခဲ့ရမှုကို အတွေ့အကြုံတစ်ခုပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အခုနွေရာသီမှာ လီဗာပူးမှ ထွက်ခွာတော့မယ်လို့ မိုဆာလက်ကြေညာခဲ့မှုနဲ့ပတ်သက်လို့ ပြန်ပြောင်းပြောပြရင်း မိုဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့ သုံးဦးကို တိုက်စစ်ပိုင်းအတွက် ဘယ်လိုထိန်းကျောင်းခဲ့ရလဲဆိုတာ ယာဂန်ကလော့ပ်က ဆွေးနွေးခဲ့ပါတယ်။
"ဒီခရီးစဉ်တစ်ခုလုံးမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်" လို့ Daily Mail နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့အကြားမှာ အခြေအတင်ဖြစ်တာတွေရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ဖြစ်ခဲ့တာမျိုးပေါ့၊ အဲဒီလိုဖြစ်ပြီး ငါးစက္ကန့်လောက်ကြာတော့ ကျွန်တော်တို့နှစ်ဦးစလုံး 'ဒါမျိုး လူကြားထဲမှာ မလုပ်သင့်ဘူး၊ အချိန်ပြန်ဆုတ်လိုက်လို့ရရင် ကောင်းမှာပဲ' လို့ တွေးမိခဲ့ကြပါတယ်။
နောက်နေ့မနက်ရောက်တော့ အားလုံးပြီးသွားပါပြီ၊ ဒါပေမဲ့ ဒါက လူရှေ့သူရှေ့မှာ ဖြစ်သွားခဲ့တာပါ။ ကျွန်တော်တို့တွေ တစ်ဦးနဲ့တစ်ဦး လေးစားမှုတော့ ဘယ်တော့မှ မပျက်ခဲ့ပါဘူး၊ အဲဒါကိုပဲ ကျွန်တော်တကယ်နှစ်သက်တာပါ။ ပွဲကစားချိန် ၈၇ မိနစ်လောက်မှာ မိုဆာလက်ကို လူစားလဲလိုက်ရင် သူ ကျွန်တော့်ကို ခဏလောက် စိတ်တိုနေတတ်တယ်၊ အဲဒီအခါကျရင် 'ဘာလို့လဲ' ဆိုပြီး ကိုယ့်ဘာသာ တွေးမိတာမျိုးတွေပေါ့" လို့ ဆိုပါတယ်။
"သူနဲ့ မာနေး နှစ်ဦးလုံးရှိနေချိန်ကတော့ စိန်ခေါ်မှုတစ်ခုပါပဲ၊ ဟုတ်ပါတယ်၊ သူတို့က စိန်ခေါ်မှုတွေ ရှိကြပါတယ်။ ထူးချွန်တဲ့ ကစားသမားတွေဆိုတာ စိန်ခေါ်မှုရှိစမြဲပါပဲ။ စိန်ခေါ်မှုမရှိဘဲ ထူးချွန်နေသူဆိုတာ ရှိသလား... ပြောကြည့်ပါဦး။ ပွဲရလဒ်ကို အပြောင်းအလဲလုပ်နိုင်သူတွေပဲလေ။ စကားမစပ်.... ဖာမီနိုကတော့ အဲဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ မိုဆာလက်ကို လူစားလဲလှယ်ဖို့က အရမ်းခက်ပါတယ်။
ကျွန်တော်က 'မင်း ဒီသီတင်းပတ်မှာ သုံးပွဲလုံး မကစားနိုင်ဘူး' လို့ ပြောရင် မိုက 'ကစားနိုင်ပါတယ်' လို့ ပြန်ပြောလေ့ရှိတယ်။ ကောင်းပြီလေ၊ မင်းကစားနိုင်ပေမဲ့ တခြားသူတွေက မကစားနိုင်ဘူးလေ။ ဒါတွေက အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဒီလိုအချိန်မျိုးတွေမှာ ကိုယ်က အမြဲတမ်း စိုးရိမ်တကြီးနဲ့ ဆုံးဖြတ်ချက်ချရတာပါ။ ကစားသမားတစ်ယောက်ကို ပွဲတွေအများကြီး ပေးကစားမိတာမျိုး ဒါမှမဟုတ် လုံလုံလောက်လောက် မကစားခိုင်းမိတာမျိုးတွေ၊ အချိန်ပိုတွေ၊ ခရီးဝေးသွားရတာတွေ ရှိနေတဲ့အခါ အားလုံးကို ကစားဖို့ မဖြစ်နိုင်ပါဘူး။ ကြိုတင်စီစဉ်ထားလို့ရရင်တော့ ဒါက လွယ်ကူမှာပေါ့" လို့ ကလော့ပ်က ရှင်းပြပါတယ်။
"ပွဲပြီးလို့ ၂ နာရီပဲ အိပ်ရသေးတယ်၊ ၂ ရက်နေရင် နောက်တစ်ပွဲ ပြန်ကစားရတော့မယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ 'စနေနေ့၊ နေ့ခင်း ၁၂ နာရီခွဲ ပွဲအတွက် ကျေးဇူးအများကြီးတင်ပါတယ်' လို့ ပြောလိုက်ပေမဲ့ အားလုံးက 'တော်စမ်းပါ၊ သွားစမ်းပါ' လို့ပဲ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒါက ကျွန်တော့်အတွက် အကြီးမားဆုံးပြဿနာဖြစ်နေပြီး အဲဒီအကြောင်းကိုပဲ တွေးနေမိတာပါ။
အဲဒါကို ကျွန်တော် ထုတ်ပြောချင်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ပြီးရင် ကစားသမားတွေဆီ ပြန်သွားပြီး '၁၂ နာရီခွဲဆိုတာ ပွဲကစားဖို့ အကောင်းဆုံးအချိန်ပဲ' လို့ ပြောရပြန်တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အဲဒါကို မယုံကြည်တော့ သူတို့လည်း အဲဒါကို ခံစားမိကြတယ်။ ဒါကြောင့် အဲဒီလိုအချိန်မျိုးတွေမှာ အမြဲတမ်းပွဲကစားချင်စိတ်ရှိနေတဲ့ ကစားသမားမျိုးတွေကို လိုအပ်ပါတယ်" လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။