အိုရှေးနဲ့ ကောလင်းတို့က အိုင်ယာလန်သူရဲကောင်း ပါးရော့ကို ချီးကျူး
အိုင်ယာလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြ ဂျွန်အိုရှေးကတော့ ထရွိုင်ပါးရော့တစ်ယောက် အခုလို ချီးကျူးမှုတွေ ရရှိနေတာဟာ သူနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။ ချက်သမ္မတနိုင်ငံအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်ကို အိုင်ယာလန်အသင်း တက်လှမ်းနိုင်ခဲ့တာက ပါးရော့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဖြစ်ပါတယ်။
AZ အယ်လ်ခါးမားတိုက်စစ်မှူး ပါးရော့နဲ့ ပတ်သက်ပြီး အိုရှေးက "ထရွိုင်က ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ကစားသမားဘဝအတွက် ကြိုးစားအားထုတ်မှုတွေ၊ ပေးဆပ်မှုတွေရဲ့ ရလဒ်ကောင်းတွေကို အခု ပြန်ခံစားနေရတာပါ။ တခြားတိုက်စစ်မှူးတွေ အင်္ဂလန်လိဂ်မှာ အငှားသွားကစားကြတာကို ကြည့်မယ်ဆိုရင် ကစားသမားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာဖို့၊ အရာအားလုံး အံဝင်ခွင်ကျဖြစ်သွားဖို့အတွက် အချိန်အနည်းငယ် ယူရလေ့ရှိပါတယ်။ ထရွိုင်ကတော့ လူငယ်ကစားသမားဘဝတည်းက ဂိုးသွင်းစွမ်းရည်ရှိသလို ဘောလုံးအမြင်ကလည်း အမြဲတမ်း ရှိနေပြီးသားပါ။ သူက အပင်ပန်းခံ ကြိုးစားတယ်၊ အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊ ကြံ့ခိုင်မှုအပြည့်ရှိအောင် နေတယ်၊ ပြီးတော့ ဥရောပမှာ ကစားခွင့်ရမယ့် အသင်းကိုလည်း မှန်ကန်အောင် ရွေးချယ်နိုင်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့တိုးတက်မှုအတွက် ဘယ်အသင်းကို သွားသင့်လဲဆိုတာကို သေချာစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင်နဲ့ အိုင်ယာလန်နောက်ခံလူ နာသန်ကောလင်းကလည်း စပါးတိုက်စစ်မှူးဟောင်း ပါးရော့အပေါ် "ဘောလုံးလောကမှာ တစ်ခါတလေ ကွင်းထဲမှာ ခြေစွမ်းမပြနိုင်တာမျိုး ရှိတတ်ပေမဲ့ ဒါဟာ သူက ကစားသမားကောင်း မဟုတ်လို့ ဒါမှမဟုတ် ဘောလုံးအမြင် မရှိလို့၊ သူ ဘယ်လောက်တော်လဲဆိုတာကို မသိလို့ မဟုတ်ပါဘူး။ ခြေစွမ်းမပြနိုင်တဲ့ နောက်ကွယ်မှာ အကြောင်းပြချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ထရွိုင်ကတော့ အမြဲတမ်း အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ အခုလို သူ့ရဲ့အရည်အချင်းတွေ တောက်ပလာပြီး သူ ဘယ်လောက်ကောင်းလဲဆိုတာ ပြသနိုင်တဲ့အတွက် ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်" လို့ ဆိုပါတယ်။